လူငယ်တို့၏ မှားယွင်းသော ဘာသာရေး လေ့လာမှု

stone-monk-statues-wearing-mantles-at-chinese-P5W9L28.jpg

ယနေ့ လူငယ်တွေဟာ ခေတ်ပညာ ပိုမို တတ်ကျွမ်း လာတဲ့ အလျောက် ဘာသာရေး လေ့လာ လိုက်စားမှု နည်းလာ ပါတယ်။ အထူးသဖြင့် ခေတ်သစ် သိပ္ပံ ပညာရပ်များကို လေ့လာမှု ပိုမို များပြားပြီး ဘာသာရေး ဟာ ခေတ်နောက်ပြန်စွဲ၊ စိတ်ဓာတ် နောက်ပြန်စွဲတဲ့ လုပ်ဆောင်ချက် တစ်ခုလို့တောင် ထင်မြင်လာကြ ပါတယ်။ ဒီတော့ ဘာသာရေး လုပ်တယ်ဆိုတာ အကြောက်တရားနဲ့ အသက်ရှင်သူများ လုပ်တယ်ဆိုပြီး ခံယူ ကြလို့ (Free Thinker) လို့ခေါ်တဲ့ ဘာသာမဲ့ များ ပေါ်ပေါက် လာပါတယ်။

လိုရင်းကို အဓိက မလေ့လာခြင်း

ဒီတော့ ပြန်လည် သုံးသပ်ကြည့်တဲ့ အခါ မြန်မာပြည်မှာက လူငယ် အချို့လည်း ဒီတိုင်း ပါပဲ။ ဘာသာရေး အပေါ် အယုံအကြည် မဲ့လာ ပါတယ်။ မေးလာတဲ့ မေးခွန်း များကလည်း ကမ္ဘာကြီး ဘယ်က စဖြစ်တာလဲ။ နေ ဘယ်လိုပေါ်လာသလဲ။ ဘယ်ဘာသာက အစောဆုံး ပေါ်ပေါက် သလဲ။ ဘုရားပွင့် ခဲ့ကြောင်း၊ ဘုရား သခင် ရှိခဲ့ ကြောင်း ဘာနဲ့ သက်သေ ပြမလဲ။ ဘယ် ဘာသာနဲ့ ဟောကြား ခဲ့ သလဲ။ နောင်ဘဝ ဆိုတာ ဘာလဲ။ ရှေးဘဝ ဆိုတာ ဘာလဲ။ ငရဲ ဆိုတာ တကယ်ကော ရှိရဲ့လား အစရှိသဖြင့် များစွာသော မေးခွန်း များနဲ့ စတင်ကြ ပါတယ်။ ဒီတော့ ယင်း မေးခွန်း များအတွက် ရလဒ် အဖြေကို မကျေနပ် နိုင်ကြတာ ကြောင့် ဘာသာရေး လေ့လာ လိုက်စားဖို့ကို ရပ်တန့် လိုက်ကြ ပါတယ်။

ဒီတော့ ပြန်လည် သုံးသပ် ကြည့်လိုက်တဲ့ အခါမှာ ကွဲပြားမှု ရှိပါတယ်။ ကျနော်တို့ IT Networking ပညာ လေ့လာမယ် သို့တည်း မဟုတ် Programming ပညာ တစ်ခု စတင် လေ့လာမယ် ဆိုရင် Protocol တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ Language တစ်ခု ပေါ်ပေါက် လာပုံ သမိုင်းကြောင်း အစရှိသဖြင့် စတင် လေ့လာကြရ ပါတယ်။ ပိုပြီးတော့ အခြေခံ ကျတဲ့ အပေါင်း အနုတ် အမြောက် အစား အထိတောင် ပြန်လည် လေ့လာကြရ ပါတယ်။ တီထွင်သူ ပညာရှင်များရဲ့ သမိုင်းကိုပါ မြေလှန်ပြီးမှ ယင်း ပညာရပ်ကို စူးစူး စိုက်စိုက် လေ့လာ ကြပါ တော့တယ်။ ဒါဟာ မှန်ပါတယ်။ ဒါမှပဲ မိမိ သင်ယူနေတဲ့ ပညာရပ် အကြောင်းကို သေချာ သိမှာ မို့ပါ။ Motivation လည်း ဖြစ်ပါတယ်။ အခြားသော လုပ်ငန်းခွင်သုံး ပညာရပ်တွေ ကလည်း ဒီလိုပါပဲ။

သို့ပေမယ့် ဘာသာရေးနဲ့ ယှဉ်ထိုး နှိုင်းကြည့် လိုက်တဲ့ အခါမှာ မတူ ပါဘူး။ ဒီခေတ် လူငယ်တွေက ဘာသာရေး ကို အသက်မွေးဝမ်းကျောင်း ပညာ လေ့လာ သလိုပဲ သဘောထားမိကြ ပါတော့တယ်။ ဒီတော့ ဘာသာရေး တစ်ခုကို စတင် လေ့လာ လိုက်စားဖို့ အတွက် သမိုင်းတွေ စတင် မြေလှန် ပါတော့တယ်။ ဘယ်နှစ်ခုနှစ်က ဘယ်သူ ဘာပြောခဲ့လဲ။ ဘယ်မှာ မှတ်တမ်း တင်ထားလဲ။ သက်သေ အပြည့်အစုံပြ အစရှိသဖြင့် မေးခွန်း ထုတ်ကြ ပါတော့တယ်။ Seeing is Believing ဆိုတဲ့ နေရာမှာ အကောင်အထည် ဒြပ်ထုကို မြင်မှ Believe ဖြစ်မယ် ဆိုတဲ့ အယူအဆ ကိန်းအောင်း သွားခြင်းပါ။ တစ်ခါတစ်ရံ အကောင်အထည် မြင်ပေမယ့် မှားနေ တာတွေ ကိုတော့ သတိမထား မိလိုက်ကြ ပါဘူး။

ဥပမာ ပေးရရင် ပင်လယ်ထဲ ခရီးသွားမယ့် လူတစ်ယောက် အနေနဲ့ သူ မဖြစ်မနေ လေ့လာ ရမှာက ရေကူး သင်နည်း ဖြစ်ပါတယ်။ ရေမှ မကူးတတ်ရင် ပင်လယ်ထဲမှာ နှစ်ပါတယ်။ ဒီတော့ ရေကူးနည်းကို စာဖတ် သူတို့လည်း စတင် လေ့လာမိမှာပါ။ ရေကူးနည်း ဘယ်သူ အရင် စထွင်ခဲ့တယ်တို့၊ မိုက်ကယ်စကိုးဖီး သမိုင်း ကြောင်းတို့၊ ရေကူးနည်း ပေါင်း စုံ တို့၊ အရှေ့တောင် အာရှ ရေကူးမှာ ဘယ်သူ အတော်ဆုံး လဲ တို့ အစရှိသဖြင့် တို့ကို စတင် လေ့လာ မိပါ သလား၊ မိမိ ကူးတတ်ဖို့ကိုပဲ အဓိက ထားလို့ ရေကူးနည်း အရင် လေ့လာ ရပါ သလား။

ဘဝဟာလည်း ဒီလိုပါပဲ။ သမိုင်းကို ဦးစားပေးလို့ အရင် မြေလှန်လေ့လာ ရမယ့် ဘာသာရပ် ထဲမှာ ဘာသာရေး မပါ ပါဘူး။ ဘာသာရေးဟာ တတ်မြောက်ကျွမ်းကျင်မှု အပေါ်မှာ အခြေခံပြီးမှ သမိုင်း ဘက်ကို ဆက်သွား ရခြင်း ဖြစ်ပါတယ်။ ဥပမာ ဘုရားဟောကြား တရားတော် များကို အခြေအနေ တစ်ခု အထိ လေ့လာ ပြီးပြီ နားလည် တတ်မြောက် သွားပြီ ဆိုရင် သမိုင်းကြောင်းကို လေ့လာ နိုင်ပါပြီ။ အဲ့ဒီ အချိန်မှာ သံသယတွေ မရှိတော့ ပါဘူး။ ယခု ကျတော့ ဖြစ်နေတာက သမိုင်းကို အရင်လေ့လာ နေကြတော့ ဟိုဟာလည်း ငါ မယုံ၊ ဒီဟာလည်း ငါမယုံနဲ့ ခရီးတွေ ဝေးသထက် ဝေးသွား ပါတယ်။ ဒီတော့ လေ့လာမှု အဆင့်ဆင့် သွားပုံကို သေချာ မှန်ကန်ဖို့ လိုအပ် ပါတယ်။

ဘုရား ဟောခဲ့သလိုပဲ ပြန်မျှဝေရမယ် ဆိုရင် မြားဆိပ် ထိမှန်နေတဲ့ လူတစ်ယောက်ဟာ မြား ဘယ်ကလာတယ်။ ဘယ်သူ ပြစ်တဲ့ မြားဖြစ်တယ်။ ဘယ်လို အဆိပ် အမျိုးအစား အသုံးပြုထားတယ် အစရှိသဖြင့် တို့ကို လေ့လာ နေရမှာ မဟုတ်ပဲ ထိမှန် နေတဲ့ မြားကို အရင်ဆုံး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

အသက်ကြီးမှ လေ့လာရန် လိုအပ်သည်ဟု မှားယွင်းစွာ ခံယူခြင်း

လူငယ်တွေဟာ ဘာသာရေး ဟာ အသက်ကြီးမှ အနီးကပ် လေ့လာရမယ့် ပညာရပ် တစ်ခုလို့ သဘောထား နေကြ ပါတယ်။ အမှန်တာ့ လောက အမှန်တရား ဆိုတာ စောစောစီးစီး သိနိုင်လေလေ ကောင်းလေလေ ဆိုတာကို သူတို့ သိမထားကြ ပါဘူး။ သိထားလဲ အခြားသော မကောင်းတဲ့ စိတ်များရဲ့ ခေါ်ဆောင်ရာ ကိုသာ လိုက်နေကြ ပါတော့တယ်။ ဘာသာရေး ဆိုတာ တောထွက်မှ၊ ဘုန်းကြီးဝတ်မှ လေ့လာရမယ်လို့လဲ ဆို မထား ပါဘူး။ လောကနီတိ တရားအရ လောကုတ္တရာ နဲ့ လောကီဟာ အပြန်အလှန် အမှီသဟဲ ပြု ပါတယ်။ လောကုတ္တရာ ဘောင်များ ရဟန်းများပဲ ရှိနေလို့လဲ ကမ္ဘာကြီး ဖြစ်မလာ နိုင်သလို၊ လောကီ လူသားတွေပဲ ရှိနေ ရင်လည်း ကမ္ဘာကြီး ကြိမ်းသေ ပျက်သွား နိုင်ပါတယ်။ ယင်း အဖွဲ့အစည်း နှစ်ခုက အပြန်အလှန် အမှီ သဟဲ မပြုပဲ သီးခြားစီ ရပ်တည်နေရင်လည်း ကမ္ဘာကြီး ပျက်သွား နိုင်ပါတယ်။ လူသားတို့ရဲ့ မကောင်းတဲ့ စိတ်များ၊ စေတသိတ် များကို ထိန်းချုပ်ထားပေးတာက ယင်း ဘာသာရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘာသာရေးဟာ အသက်အရွယ် မရွေး ကြီးကြီး ငယ်ငယ် လေ့လာ ကျင့်သုံး ထားရမယ့် ပညာရပ် တစ်ခု ဖြစ်ပါတယ်။

ဒါကြောင့်မို့ ရိုးရာလေး စာဖတ်သူ အားလုံး ဘာသာရေး လေ့လာမှု အမြင်နဲ့ ပက်သက်လို့ သေချာ သိရှိလို့ လေ့လာ နိုင်မယ်လို့ မျော်လင့် ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top