စိတ်ရှည်သည်းခံစွာ တိုင်းပြည်တည်ဆောက်ဖို့

yangon-myanmar-PN723D4-e1564406550709.jpg

မတွေ့တာကြာတဲ့ သူငယ်ချင်းများနဲ့ တွေ့တော့ စကားစမြည်လေး ပြောဖြစ်ကြတယ်။ နောက်တော့ နိုင်ငံရေး အကြောင်းကို ရောက်သွားတာပေါ့။ သူတို့အားလုံးက အသေးစားစီးပွားရေး လုပ်ငန်ရှင်တွေပါ။ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ငါးသိန်းလောက်အထိ အသီးသီးရထားကြတဲ့ နည်းပညာ ကုမ္ပဏီတည်ထောင်သူများပေါ့။ နိုင်ငံရေးအကြောင်း ပြောဖြစ်တဲ့အခါ လက်ရှိ အစိုးရ အသစ်အပေါ် ဘယ်လိုမြင်လဲလို့ တစ်ယောက်က အရင်စမေးတာပေါ့။ ဒီတော့ ဝိုင်းဖြေလိုက်ကြတာက ဘာမှမထူးခြားသလိုပဲ။ တိုးတက်မှုကို မမြင်ရဘူး။ ၂၀၁၂ ခုနှစ်ကပဲ အတော်လေး အတိုးတက် မြန်ခဲ့တာ အစရှိသဖြင့်ပေါ့။ ပြောဆိုချက်ပေါင်းမြောက်များစွာကို ပြန်အနှစ်ချုပ်ကြည့်ရင် လက်ရှိ အနေအထားကို မနှစ်သက်ကြသူများပေါ့။ ကိုရွှေချော ရန်ကုန်သားများက ပြောရှာတယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း ထူးခြားကောင်းမလာဘူး။ ဘာဘာညာညာပေါ့။ အားလုံးနဲ့ အမြင်မတူတဲ့ ကျွန်တော်ကတော့ ပါးစပ်ကလေးပိတ်ပြီး စကားလက်စသတ် အိမ်ပြန်ခဲ့ရတယ်။ ဘာကြောင့် ကျွန်တော်က သူတို့နဲ့ အမြင်မတူတာလဲ။

နည်းနာယူရမယ့် ဂျီဒီပီ တိုးတက်မှု ပုံစံ

ကျွန်တော့မှာ တရုတ်မိတ်ဆွေသုံးလေးဦးမက ရှိပါတယ်။ တရုတ်နိုင်ငံသားများ ဖြစ်ပြီး မြန်မာပြည်မှာ အလုပ်လာလုပ်သူများ ဖြစ်ပါတယ်။ သူတို့ဆီမှာ တစ်ချိန်တုန်းက လူတစ်ဦးချင်း ပျမ်းမျှဝင်ငွေ (GDP per capita) တိုးတက်မှုဟာ ရှစ်နှစ်အတွင်း တစ်ဟုန်ထိုး တိုးတက်တာနဲ့ ကြုံခဲ့ဖူးကြောင်း ဆိုပါတယ်။ ဒါနဲ့ ကမ္ဘာ့ဘဏ်က စာရင်းအင်းကို ကျွန်တော်သွားကြည့်မိတဲ့အခါ တကယ်ဟုတ်နေပါတယ်။ သက္ကရာဇ် ၂၀၀၂ ခုနှစ်အထိ GDP per capita တိုးတက်မှုဟာ နှေးကွေးခဲ့ပြီး ယင်းနောက်ပိုင်း တစ်ဟုန်ထိုးတက်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ USD ၂,၀၀၀ ကနေ ယနေ့ ၂၀၁၆ မှာတော့ USD ၈,၀၀၀ ကျော်သွားပါပြီ။ နောက်တစ်ခုကတော့ ဗီယက်နမ်ပါ။ သူတို့လဲ ထိုနည်းတူစွာပါပဲ။ အမေရိကန်နဲ့ ကုန်သွယ်မှု တိုးမြင့်လိုက်ပြီးနောက် သက္ကရာဇ် ၂၀၀၅ ခုနှစ်နောက်ပိုင်း အရှိန်အဟုန်နဲ့ တိုးတက်ခဲ့ပါတယ်။ ဒီတော့ ဂျီဒီပီ ဆိုတာ တစ်နှစ်ထဲ တန်ခိုးရှင်ပမာ ဘွားခနဲ တိုးတက်လာတတ်တာမျိုးလို့ ယူဆလို့မရပါ။ စီးပွားရေး တံခါးဖွင့်မှု ရင်းနှီးမြှုပ်နှံမှု တိုးတက်တဲ့ နှစ်က ပိုလို့ အခရာ ကျပါတယ်။

စင်္ကာပူကို အတုယူလို့မရ

စင်္ကာပူဟာ တစ်ချိန်တုန်းက တံငါရွာတစ်ခုမျှသာ ဖြစ်ပါတယ်။ တံငါရွာမှာ ရှိတဲ့ လူဦးရေဆိုတာလည်း ရွာသာသာ လူဦးရေသာ ဖြစ်ပြီး ခေါင်းဆောင်ကြီး လီကွမ်ယုဟာ တစ်သွေးတစ်သံတစ်မိန့်နဲ့ တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းများဖြင့် လုပ်ဆောင်ခဲ့တာကြောင့် စင်္ကာပူဟာ နှစ် ၂၀ အတွင်း ချမ်းသာကြွယ်တဲ့ တိုင်းပြည် ဖြစ်သွားပါတယ်။ ဒါပေမယ့် တိုင်းပြည်ဟာ သေးလို့ပါ။ မြန်မာပြည်ကို ကြည့်ကြည့်ပါ။ စင်္ကာပူဟာ ရန်ကုန် တစ်မြို့စာပဲ ရှိပါတယ်။ လူဦးရေဟာလည်း ရန်ကုန် တစ်မြို့စာပဲ ရှိပါတယ်။ [၂၀၁၄ သန်းခေါင်စာရင်းကောက်ယူမှုတွေအရ ရန်ကုန်မြို့မှာ လူဦးရေ ၇.၃၆ သန်းရှိပြီး ၂၀၁၆ ခုနှစ်အထိ စာရင်းတွေအရ စင်ကာပူနိုင်ငံမှာ လူဦးရေ ၅.၇ သန်း ရှိပါတယ်] မြန်မာပြည်ကို ကြည့်ကြည့်ပါ။ ရန်ကုန် တစ်မြို့ထဲ တိုင်းပြည် မဟုတ်ပါဘူး။ လူဦးရေ သန်း၅၀ ကျော်နေထိုင်နေတဲ့ တိုင်းပြည်ဖြစ်ပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တို့မှသည် လူမျိုးပေါင်း ၁၀၀ ကျော်ဖြင့် စုဖွဲ့နေထိုင်နေပါတယ်။ ဒီတော့ နှိုင်းများ နှိုင်းယှဉ်ရင် ကွဲပြားမှု အင်မတန် များတာကို မရရအောင် ပေါင်းစည်းထားတဲ့ အမေရိကန်နဲ့တောင် သွားနှိုင်းသင့်ပါသေးတယ်။ လူမျိုးပေါင်းစုံ၊ မြေပြန့်နဲ့ တောင်တန်း တန်းတူ အခွင့်အရေး များစွာ ရရှိရေး ဆိုတာဟာလည်း ကြိုးပမ်းယူနေဆဲ ကာလတစ်ခုမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာ ကားကြပ်ပေမယ့် စီးစရာကားမရှိလို့ လှည်းစီးပြီး ကျောင်းတက်နေရတဲ့ ရွာတွေ ရှိပါသေးတယ်။ လှေစီးပြီး ကျောင်းတက်၊ လှေစီးလို့ အသက်သေရတဲ့ နေရာတွေလည်း ရှိပါသေးတယ်။ ဒီတော့ ကွဲပြားမှုများစွာ ရှိတဲ့ တိုင်းပြည်ကျယ်ကြီး တစ်ခု ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်ကိစ္စ

ကမ္ဘာမှာ တိုင်းရင်းသား လက်နက်ကိုင် အများဆုံး တိုင်းပြည်စာရင်းထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ တိုင်းရင်းသား အခွင့်အရေးအတွက်သော်လည်းကောင်း၊ မိမိအရေးအတွက်သော် လည်းကောင်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လက်နက်ကိုင် တောခိုသူများ များပြားခဲ့ရာ ယနေ့တိုင်လည်း ရှိနေဆဲပါပဲ။ ဗီယက်နမ်ဟာ တစ်ချိန်တုန်းက မြန်မာပြည်ထက် အခြေအနေဆိုးပါတယ်။ ဒါပေမယ့် ဘာကြောင့် သူတို့ဟာ တိုးတက်မှု မြန်ဆန်ခဲ့သလဲ။ အဖြေကရှင်းပါတယ်။ သူတို့ဆီမှာ မြန်မာနိုင်ငံလို ပြည်တွင်းစစ် ရှည်ကြာစွာ ဖြစ်ပွားနေမှု မရှိပါဘူး။ တိုင်းရင်းသား စည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းမှုဟာ တိုင်းပြည်တိုးတက်ဖို့ အခြေခံ အကျဆုံး အုတ်မြစ် ဖြစ်ပါတယ်။ နယ်မြေ မငြိမ်မသက်ဖြစ်မှုတွေ ရှိနေသရွေ့ လမ်းပန်းဆက်သွယ်ရေးတွေ၊ ကူးသန်းရောင်းဝယ်ရေးတွေအတွက် လုံခြုံတဲ့ အာမခံချက် ရှိနေမှာ မဟုတ်ပါဘူး။ လာရောက်ရင်းနှီးမြုပ်နှံမှုတွေ လုပ်မယ့် နိုင်ငံခြားကုမ္ပဏီတွေကလည်း ဒါကို ထည့်သွင်းစဉ်းစားမှာပါပဲ။ ဒီတစ်ခု အဆင်မပြေမချင်း တိုင်းပြည်ဟာ စင်္ကာပူလည်း ဖြစ်လာအုံးမှာ မဟုတ်သလို၊ ဗီယက်နမ်လည်း ဖြစ်လာအုံးမှာ မဟုတ်ပါဘူး။

လူမျိုးရေး၊ ဘာသာရေး ပြဿနာ

အိန္ဒိယနဲ့ ပါကစ္စတန်၊ အရှေ့တီမော နဲ့ အင်ဒိုနီးရှား၊ အစ္စရေးနဲ့ ပါလက်စတိုင်း အစရှိသဖြင့် တိုင်းပြည်များ ကွဲပြားသွားမှုဟာ လူမျိုးရေး ပြဿနာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံ တိုးတက်တယ်၊ တိုးတက်တယ်လို့ လူတိုင်း ပြောကြတယ်။ ဒါပေမယ့် သူနဲ့ ပါလက်စတိုင်းဟာ နေ့တိုင်းနီးပါး စစ်ဖြစ်နေပါတယ်။ အစ္စရေးဟာ အချိန်ပြည့် လက်နက် တပ်ဆင်နေရပါတယ်။ အိန္ဒိယ နဲ့ ပါကစ္စတန်ဟာလည်း ဘာသာရေးအဓိကရုဏ်းနဲ့ ကွဲခဲ့ ပါတယ်။ အိန္ဒိဟာ ဖွံ့ဖြိုးပြီး တိုင်းပြည်လို့ သတ်မှတ်လိုက်ပေမယ့် နိုင်ငံမှာတင်လည်း ဘာသာရေးအဓိကရုဏ်းများ အမြဲလိုလိုဖြစ်နေတာကြောင့် ဆင်းရဲတဲ့ နေရာတွေ မြောက်များစွာ ရှိနေပါသေးတယ်။ NGO များစွာက ကူညီထောက်ပံ့ပေးနေရပါသေးတယ်။ အာဖဂန် နစ္စတန် ဘာကြောင့် နာလန်မထူနိုင်သေးတာလဲ ဆိုတာလည်း လေ့လာကြည့်ပါ။ ဒါတွေရဲ့ အဓိက အကြောင်းအရင်းတော်တော်များများဟာ ဘာသာရေးပေါ်မှာ အခြေခံတဲ့ အမုန်းပွားမှု ဖြစ်ပါတယ်။ တိုးတက်တဲ့ တိုင်းပြည်တွေ ဖြစ်တဲ့ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဥရောပတိုင်းပြည်များမှာ ဘာသာရေး နဲ့ ပက်သက်လို့ ကြီးမားတဲ့ သဘောမတူညီမှုများ၊ အကြမ်းဖက်မှုများ မရှိသလောက် နည်းပါတယ်။ ဒါဟာ လူမျိုးရေးနဲ့ ဘာသာရေး ပြဿနာ ဖြစ်ပြီး ဒါကို မဖြေရှင်းနိုင်သရွေ့ တိုးတက်မှု နှေးကွေးနေအုံးမှာပါ။ အမေရိကန်ရဲ့ တည်ထောင်သူ ဖခင်ကြီးရဲ့ အမေရိကန် အိပ်မက် ဘာကြောင့်မို့ အောင်မြင်သလဲဆို လူမဲတွေကို ခွဲခြားဆက်ဆံတဲ့ ကျွန်စနစ်ကို တော်လှန်နိုင်ခဲ့လို့ ဖြစ်ပါတယ်။ အဲ့ဒီတုန်းက လွန်ခဲ့သော နှစ်ပေါင်း တစ်ရာနှစ်ရာ မကတော့ပါဘူး။ မြန်မာပြည်မှာတော့ ယခုချိန်မှာ တဟုန်းဟုန်း ဖြစ်ပွားနေဆဲ အခက်အခဲ တစ်ခု ဖြစ်ပါတယ်။

မလုံလောက်တဲ့ တိုင်းပြည်ငွေကြေး

မြန်မာပြည်မှာ ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ငွေကြေးလိုအပ်ပါတယ်။ တိုင်းပြည်ငွေကြေးဟာ အစိုးရ အသစ်ပြောင်းလဲလိုက်ပေမယ့် လက်ထဲမှာ ငွေကြေးပမာဏ အမြောက်အများမကျန်ပါဘူး။ အစိုးရ ဘဏ္ဍာ ဘယ်လောက်ရှိတယ်ဆိုတာ အစိုးရပွင့်လင်းမြင်သာမှုနဲ့ ပက်သက်လို့ သင်တန်းပေးနေတဲ့ NGO တွေမှာ သွားရောက် လေ့လာကြည့်နိုင်ပါတယ်။ လက်ရှိအချိန်အထိ ချေးငွေယူပြီး အရေးကြီးတဲ့ ကဏ္ဍတွေမှာ ထည့်သွင်းပေးနေရတုန်းပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို ရေးပြနေရင် စာအုပ်တစ်အုပ်လည်း ကုန်မှာမဟုတ်ပါဘူး။ လက်ရှိအချိန်မှာ မိမိဟာ အကောင်းမြင်စိတ်လေး ရှိဖို့ လိုအပ် ပါတယ်။ တစ်ကမ္ဘာလုံးက လေးစားပြီး ရိုသေဆက်ဆံနေတဲ့ ခေါင်းဆောင်ကြီး တစ်ယောက်လုံး တိုင်းပြည်ကို ဦးဆောင်ပဲ့ကိုင်နေပါတယ်။ သူ့နာမည်ကြားတာနဲ့ လေးစားတဲ့ ပြောဆိုဆက်ဆံမှုကို ပေးတဲ့ နိုင်ငံတကာ မိတ်ဆွေများကို ကြုံတွေ့ရပါတယ်။ သူမကြောင့်ပဲ မြန်မာဆိုတာကို ပိုလို့ သိလာကြပါတယ်။ လူဆိုတာ ဘုရားမဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ စွမ်းဆောင်မှုဟာ စေတနာ ထက်သန်ပြီးတော့ ပညာနဲ့ ပေါင်းစပ်ရင် အထွတ်အထိပ်ကို ရောက်ရှိပါတယ်။ လက်ရှိ သူမဟာ စေတနာ အရကော၊ ပညာအရကော အခြား မည်သူများထက် များစွာ ပိုသာနေတာ သိသာတာကြောင့် လူတိုင်းစာ စိတ်ရှည်သည်းခံတတ်ဖို့လည်းလိုပါသေးတယ်။ ဘာကြောင့်လဲ။ သူမဟာ ဘုရားမဟုတ်လို့ပါ။ သူမဟာ တန်ခိုးရှင် မဟုတ်လို့ပါ။ လမ်းကောင်းကောင်းမှာ ကားကောင်းကောင်းစီးရဖို့ ဟတ်ချလောင်းဆိုပြီးတော့ လုပ်မပေးနိုင်ပါ။ ဒေါ်လာဈေးတွေ ကျစေ ဆိုပြီးတော့ တစ်ခွန်ထဲ ပြောရုံနဲ့ ကျသွားရန်လည်း မစွမ်းနိုင်ပါ။ စက်သုံးဆီဈေးတွေ ကျစေဆိုပြီးတော့လည်း ဟက်ချလောင်း လုပ်မပေးနိုင်ပါဘူး။ သူမမှာ စွမ်းဆောင်ရန် အကန့်အသတ်ရှိသလို သူမနဲ့အတူ အစိုးရအဖွဲ့ဝင် အားလုံးဟာလည်း စွမ်းဆောင်ရန် မလွယ်လှပါဘူး။ သေချာတာကတော့ သူမတို့တွေဟာ ကိုယ်ကျိုးအတွက် ငဲ့ကွက်မှုနည်းပါးပြီး ပြည်သူလူထုအပေါ် အမှန်အကန်စေတနာထားကြသူတွေ ဆိုတာ သိသာပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်မှု၊ ပြန်လည်သင့်မြတ်မှု၊ ပညာရေး အခြေခံအဆောက်အအုံ တိုးတက်ကောင်းမွန်မှု၊ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ ကင်းရှင်းစေမှု အစရှိသဖြင့် အရေးကြီးတဲ့ ပန်းတိုင်းများကို အရောက်သွားကြဖို့အတွက် တိုင်းပြည်ရဲ့ လူတ်ိုင်းလူတိုင်း ပါဝင်မှု လိုအပ်ပါသေးတယ်။ ဘေးထိုင် ညည်းတွားနေတာထက် အမြင်မတော်တာလေးတွေထဲက ကိုယ်လုပ်နိုင်တာလေးတွေ လက်လှမ်းမီသလောက်လေး လုပ်ပေးရင်ကို နိုင်ငံသားကောင်း တစ်ယောက်ရဲ့ တာဝန်ဟာ ကျေနေပါပြီ။ ကျွန်တော်တို့ စိတ်ရှည်သည်းခံကြရအောင်။

ဇီးကွက် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top