သည်းခံနိုင်စွမ်းကို ကန့်သတ်ကြည့်တဲ့အခါ

kyayzuutarshin.jpg

“လူတွေက သည်းခံပေးတာများရင် ခေါင်းပေါ်တက်ထိုင်ချင်ကြတယ်” “သူငယ်ချင်းမို့လို့သာ သည်းခံနေတာ ဒီထက် ပိုဆိုးလာရင်တော့ သည်းမခံတော့ဘူး” “ကလေးတွေရဲ့ မျက်နှာကြောင့်သာ သည်းခံပေါင်းတာ နို့မို့ဆိုရင် ကွာရှင်းလိုက်တာကြာပြီ” ဒီလိုစကားမျိုးတွေက ကိုယ်တိုင်သော်လည်းကောင်း ကိုယ့်ပတ်ဝန်းကျင်မှာလည်းကောင်း တစ်ခုမဟုတ်တစ်ခု ကြားဖူးကြမယ် ထင်ပါတယ်။

ရုပ်ဝတ္ထုပစ္စည်းနဲ့ နည်းပညာတွေ မြင့်မားတိုးတက်လာတာနဲ့အမျှ လူတွေရဲ့ သည်းခံနိုင်စွမ်းက တဖြည်းဖြည်း ခေါင်းပါးလာကြပါတယ်။ ပုထုဇဉ်တွေမို့ ခန္တီပါရမီ နည်းပါးတဲ့အတွက် ကိုယ့်ကို ထိပါးလာရင်တော့ နည်းနည်းလေးမှ သည်းမခံနိုင်ဘူးဆိုတဲ့ အတ္တစွဲက လူတိုင်းနီးပါးမှာ ရှိကြပါတယ်။

လူတစ်ယောက်မှာ သည်းခံနိုင်စွမ်း level က မွေးဖွားကြီးပြင်းလာပုံနဲ့လည်း ဆိုင်ပါတယ်။ ငယ်ငယ်လေးတည်းက မောင်နှမအချင်းချင်း အကြီးနဲ့ အငယ်သည်းမခံနိုင်ရင် ဆော်ကြ၊ တီးကြတယ်။ ကျောင်းမှာ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ရင် မခံနဲ့ ပြန်သာချဆိုပြီး မိဘတွေက အိမ်ကနေပြီး သားသမီးကို မြှောက်ပေးကြတယ်။ ဒီလိုစိတ်နဲ့ ကြီးပြင်းလာတဲ့ ကလေးတွေရဲ့ ရင်ထဲမှာ ဘယ်သူ့ကိုမှ သည်းမခံသင့်ဘူး ဆိုတဲ့ အတွေးက အရွယ်ရောက်တဲ့ထိ ပါသွားတတ်ပါတယ်။

အတတ်ပညာတွေ၊ ဘွဲ့တွေ တစ်ခုပြီးတစ်ခု သင်ယူတတ်မြောက်နိုင်ပေမဲ့ သည်းခံနိုင်စွမ်းအတတ်ကတော့ ဘယ်သူမှ မသင်ပေးဘဲ ကိုယ့်အတွင်းစိတ်ထဲကနေပဲ လေ့ကျင့်ယူရမှာပါ။ အခြားသူတွေနဲ့ မပေါင်းသင်းဘဲ လှောင်ပြောင်ဖိနှိပ်တာတွေသာ မရှိရင် တစ်ယောက်တည်း အေးဆေးပဲ နေလို့ရတယ်၊ သည်းခံစရာလည်း မလိုဘူးလို့ ပြောကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သည်းခံတယ်ဆိုတာ အခြားသူနဲ့ ယှဉ်ပြိုင်ပြီး အရှုံးအမြတ် တွက်ချက်နေတာမဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကို အနိုင်ရအောင် ကိုယ်တိုင် တိုက်ယူနေတာ ဖြစ်ပါတယ်။

ကိုယ့်ကို ထိပါးပြောဆိုလာပြီ ဆိုတာနဲ့ အတွင်းစိတ်က အလိုလိုတော်လှန်ပြီး ပြောချင်တဲ့ စကားတွေက ရင်ထဲမှာ အစီအရီ ရောက်လာတတ်တာ လူ့သဘာဝပါ။ ဒါတွေကို သည်းမခံနိုင်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သတင်းတွေ တက်လာတိုင်း ရန်ဖြစ်စကားများပြီး ဆော်ပလော်တီးလိုက်တယ် ဆိုတာတွေက ပလူပျံနေတာပဲ ဖြစ်ပါတယ်။

သည်းခံနိုင်စွမ်း အတတ်ပညာကို တစ်ဖက်ကမ်းခတ် တတ်မြောက်ထားသူတွေ ဒီကမ္ဘာမှာ ရှိချင်လည်း ရှိနေနိုင်မှာပါပဲ။ ဒီနေရာမှာ သည်းခံတာနဲ့ အနွံတာခံတာကိုလည်း ကွဲပြားအောင် နားလည်ထားရပါဦးမယ်။ မိဘနဲ့သားသမီး၊ လင်နဲ့မယား အပြန်အလှန်ဒဏ်ခံရင်း နေကြတယ်ဆိုတာက ချစ်ခြင်းမေတ္တာကြောင့် အနွံတာခံခြင်း သက်သက်သာဖြစ်ပြီး သည်းခံခြင်းအဆင့်ထိတော့ မရောက်ပါဘူး။

အလုပ်ခွင်မှာ အထက်လူကြီး ခိုင်းသမျှကို သည်းခံပြီး အပြုံးမပျက် အလုပ်လုပ်နိုင်တဲ့ ဝန်ထမ်းတွေ ၊ ကိုယ့်အပေါ် ရန်လိုစကားပြောပြီး သိက္ခာထိပါးအောင် စကားနဲ့ တိုက်ခိုက်တာတွေကို သည်းခံစိတ်နဲ့ တုံ့ပြန်ခြင်း မပြုသူတွေ ၊ လောကဓံကို အံတုပြီး သည်းခံတွန်းလှန်နေသူတွေ ….ဒီလူတွေရဲ့ရင်ထဲမှာလည်း သည်းခံနိုင်စွမ်းက အချိန်အတိုင်းအတာတစ်ခုထိပဲ ခံပါတယ်။ အရမ်းဘောင်ကျော်သွားပြီဆိုရင်တော့ သည်းမခံနိုင်ဘဲ ပေါက်ကွဲအန်ထွက်ကုန်ကြတာတွေ တွေ့ဖူးပါတယ်။

သည်းခံတယ်ဆိုတာ အတိုင်းအတာ တစ်ခုရှိတယ်ဆိုတာကိုလည်း အမြဲတမ်းကြားဖူး၊ ပြောဖူး နေကြ ဖြစ်မှာပါ။ သည်းခံနေလို့ ကိုယ့်ကိုလာပြီး ဖိနှိပ်တိုက်ခိုက်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ်က လက်ဦးအောင် ပြန်ဆော်လိုက်တယ်ဆိုရင်တော့ အပြစ်ရှိသူက သူမဟုတ်တော့ဘဲ ကိုယ်ဖြစ်သွားပါပြီ။ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ ဟောကြားတဲ့အတိုင်း “သည်းခံတယ်ဆိုတာ ကိုယ်မနိုင်လို့ အရှုံးပေးတာ မဟုတ်ဘဲ ကိုယ့်စိတ်ကိုယ် အနိုင်တိုက်ပြီး အပြုံးမပျက် နေနိုင်တယ်” ဆိုတာကိုသာ နှလုံးသွင်းထားလိုက်ရင် အရာရာက အေးချမ်းသွားမှာ ဖြစ်ပါတယ်။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top