မြန်မာပြည်ဆိုတာကိုထားလို့ ရန်ကုန်ကိုပဲ ဥပမာအဖြစ်ပြောပါရစေ။ ရန်ကုန်မှာရှိတဲ့ ကုန်တိုက် အတော်များများဟာ နိုင်ငံတကာအဆင့်မီမီ ဆောက်လုပ်ထားကြပါတယ်။ ဒါ့အပြင် လမ်းဘေးဝဲယာက စားသောက်ဆိုင်တွေ အထည်ဆိုင်တွေ စာအုပ်ဆိုင်တွေ ကုန်စုံဆိုင်တွေစတဲ့ ဆိုင် အတော်များများကိုလည်း ဆန်းသစ်တဲ့ ဗိသုကာပုံစံတွေ ဆိုင်တွင်း ပြင်ဆင်မှုတွေ ဆိုင်ပတ်ဝန်းကျင် နေရာ သန့်သန့်ပြန့်ပြန့်လေးတွေနဲ့ အရှေ့တိုင်းစတိုင် အနောက်တိုင်းစတိုင်နဲ့ စသဖြင့် တွေ့လာရပါတယ်။ ကုန်တိုက်တွေဆိုရင်တော့ ပြောစရာမလိုတော့ဘူးပေါ့။
ဒီနေရာမှာ အဓိက ဆိုလိုချင်တာကတော့ ဒီဆိုင်တွေက တကယ်ပဲနိုင်ငံတကာ အဆင့်မီနေရဲ့လားဆိုတာပါပဲ။ ဒါဆိုရင် မမီသေးပါဘူးလို့ပဲ ပြောပါရစေ။ ကုန်ပစ္စည်းတစ်ခု(သို့)ဆိုင်တစ်ခု နာမည်ရဖို့အတွက် အပေါ်ယံ အသွင်အပြင်တွေကပဲ အရေးကြီးတာ မဟုတ်ပါဘူး။ ကိုယ့် ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို အားပေးမယ့် ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကလည်း အလွန်အရေးကြီးပါတယ်။ ရန်ကုန်က ဆိုင်တော်တော်များများမှာ ဝန်ထမ်းတွေကို သင်ကြားပေးထားတဲ့ ဖောက်သည်ဝန်ဆောင်မှုစွမ်းရည်က သိပ်အားနည်းလွန်းပါတယ်လို့ ပြောပါရစေ။
ဝန်ထမ်း တစ်ယောက်ချင်းစီဟာ ကုန်ပစ္စည်းရဲ့ ပုံရိပ်ကို ကိုယ်စားပြုနေတဲ့အတွက် အရည်အချင်း မပြည့်မီတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အပြုအမူ တစ်ခုကြောင့် ကုန်ပစ္စည်းရဲ့ ပုံရိပ်ကို ထိခိုက်သွားစေနိုင်ပါတယ်။ ဖောက်သည်တစ်ဦး ဆိုင်ထဲကိုဝင်လာတဲ့အခါ ဆီးကြိုရမယ့် မျက်နှာအနေအထား၊ စကားလုံး ရွေးချယ်ပြောဆိုမှု၊ ဖောက်သည်အပေါ် ထားရှိရမယ့် လေးစားမှု အစရှိတာတွေကို သေချာ လေ့ကျင့် သင်ကြားပေးသင့်ပါတယ်။ ဝန်ထမ်း တစ်ဦးအနေနဲ့လည်း မိမိရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို အလုပ်ချိန်မှာ ကွယ်ဝှက်ထားနိုင်စွမ်း ရှိရပါတယ်။
နိုင်ငံတကာအဆင့်မီဆိုတဲ့ စကားလုံးကို သုံးချင်ရင်တော့ တကယ်ပဲ နိုင်ငံတကာမှာ ဘယ်လိုတွေ စီမံဆောင်ရွက်ထားသလဲ အရင်ဆုံး လေ့လာကြည့်သင့်ပါတယ်။ ဆိုင်ကြီးတွေကို ဟီးနေအောင် ဆောက်ထားရုံလောက်နဲ့ အရှေ့တိုင်းစတိုင် အနောက်တိုင်းစတိုင်တွေ ပြင်ဆင်လိုက်ရုံနဲ့ နိုင်ငံတကာအဆင့် မမီနိုင်ပါဘူး။ ဝန်ထမ်း တစ်ဦးတစ်ယောက်ချင်းစီဟာ ဖောက်သည်ဝန်ဆောင်မှုစွမ်းရည်ဆိုတာကို အသေအချာ နားလည်သဘောပေါက်ပြီး လက်တွေ့ လုပ်ဆောင်နိုင်စွမ်းရှိနေတယ်ဆိုရင် ဆိုင် အပြင်အဆင် ဘယ်လောက်ပဲရိုးရိုး နာမည်ရလာမှာက အသေအချာပါပဲ။
“ဒီလိုဆိုရင် ဖောက်သည်ကို အမြဲ ရိုကျိုးနေရမှာလား? သူတို့က မှားခဲ့ရင်ရော?” တချို့ဝန်ထမ်းတွေကို စာရေးသူ အကြံပေးကြည့်တဲ့အခါ ဒီလိုမေးခွန်းလေးတွေ ပြန်မေးလာတတ်ပါတယ်။ ဖောက်သည်ဆိုတာလည်း လူပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတာမို့ သူတို့ နားမလည်လို့မေးတဲ့အခါ ကျေလည်အောင် ရှင်းပြပေးရမှာ ဝန်ထမ်းတစ်ယောက်ရဲ့ တာဝန်ပါ။ ဒါပေမယ့် တချို့ ဖောက်သည်တွေက သိပ်ပြဿနာရှာတာမျိုး တမင်ကပ်သပ် မေးနေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်အထက်လူကြီးနဲ့ပဲ ပေးတွေ့လိုက်ပါ။ သူ့ရဲ့ ဖြေရှင်းချက်ကို မှတ်ထားပြီး နောက်တစ်ခါ ဒီလိုအဖြစ်မျိုး ကြုံလာခဲ့ရင် အသုံးချနိုင်ပါတယ်။
စာရေးသူ ရောက်ခဲ့တဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုမှာဆို ဖောက်သည်ကို အရမ်းလေးစားပါတယ်။ ဆိုင်ထဲဝင်လိုက်တာနဲ့ နွေးထွေးမှုကို ခံစားရပါတယ်။ ဒီဆိုင်မျိုးကို ဘယ်သူကများ နောက်တစ်ခါ ထပ်လာအားပေးဖို့ တွန့်ဆုတ်နေမလဲနော်။ ဆိုင်ထဲကို ဝင်လာချိန်ကစလို့ ပြန်ထွက်သွားတဲ့အထိ ဝယ်သည်ဖြစ်စေ၊ မဝယ်သည်ဖြစ်စေ သူတို့ရဲ့ မျက်နှာပေါ်က အပြုံးနဲ့ ပျူငှာမှုဟာ မပျောက်သွားပါဘူး။ ဒီလိုပုံစံမျိုးကို ကုန်တိုက်ကြီးတွေဆီကအစ ၂၄နာရီဆိုင် သေးသေးလေးတွေမှာအလယ် လမ်းဘေးဆိုင်လေးတွေ အဆုံးတွေ့ နိုင်ပါတယ်။ ရန်ကုန်က ကုန်တိုက်တွေ ဆိုင်တွေအနေနဲ့ ဒီလိုအချက်လေးတွေကို အတုယူစေချင်ပါတယ်။
တကယ်ပဲ နိုင်ငံတကာ အဆင့်မီနိုင်ကြပါစေလို့ ဆန္ဒပြုရင်း….
Sophia (ရိုးရာလေး)