ဟာသ: စင်ဒရဲလား မင်းသမီးနဲ့ ဆုတောင်း သုံးခု

392592516.jpg

စင်ဒရဲလား မင်းသမီးလေးဟာဆိုရင် အသက် ၇၅ နှစ် ရှိပြီဖြစ်တဲ့ ဖွားဖွား စင်ဒရဲလား ဖြစ်နေခဲ့ပြီပေါ့။ သူမရဲ့ ချစ်သူ မင်းသားလေးနဲ့ သူမတို့ ပျော်ပျော်ရွှင်ရွှင် နေထိုင် ဖြတ်သန်းလာခဲ့တဲ့နောက် မင်းသားလေးကလည်း သေဆုံးသွားခဲ့ပါပြီ။ သူမက အခုဆိုရင် ကုလားထိုင်ကြီးမှာထိုင်ပြီး နန်းတော်ကြီးရဲ့ ဆင်ဝင်ကနေတဆင့် မြင်ရတဲ့ အပြင်လောကကို သူမရဲ့ ကြောင်လေးကို အဖော်ပြုပြီး အမြဲ ကြည့်နေလေ့ရှိပါသတဲ့။

နေသာတဲ့ နေ့လည်ခင်းတစ်ခုမှာတော့ နတ်သမီး အဖွားအိုကြီးက သူမရှေ့ကို ပြန်ပေါ်လာခဲ့ပါတယ်။ နတ်သမီးဖွားဖွားကို ပြန်တွေ့ရတော့ စင်ဒရဲလားမင်းသမီးက ဘာဖြစ်လို့ နှစ်တွေအများကြီး ကြာပြီးတဲ့နောက်မှာ အခုလို ပြန်ပေါ်လာရသလဲလို့မေးသတဲ့။ အဲ့ဒီအခါ နတ်သမီးဖွားဖွားက “မင်းက ငါနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်းကနေစပြီး အခုထိ ကောင်းကောင်းမွန်မွန် နေလာတာကို တွေ့ရလို့ မင်းကို ဆုသုံခု တောင်းခွင့် ပေးချင်လို့ လာခဲ့တာပါလို့” ပြောလိုက်တယ်။

စင်ဒရဲလား မင်းသမီးဟာ အရမ်းပျော်သွားပြီး ပထမဆုံးဆုကို တောင်းတာပေါ့။ သူမရဲ့ ပထမဆုတောင်းကတော့ စိတ်ကူးလို့တောင်မရတဲ့အထိ ချမ်းသာချင်တယ်တဲ့လေ။ ချက်ချင်းပဲ သူမရဲ့ ကုလားထိုင်က ရွှေအတိပြီးတဲ့ အထိ ပြောင်းလဲသွားသတဲ့။ ဒုတိယဆုအနေနဲ့တော့ စင်ဒရဲလား မင်းသမီးက ငယ်ရွယ်ပြီး အရမ်းကို လှပတဲ့ မင်းသမီးလေး ပြန်ဖြစ်ချင်ပါတယ်လို့ ပြောလိုက်တယ်။ ချက်ချင်းပဲ ငယ်ရွယ်ပြီး ချောမောလှပတဲ့ မင်းသမီးလေးအဖြစ် စင်ဒရဲလားက ပြောင်းလဲသွားပါသတဲ့။

နောက်ဆုံးတစ်ဆု တောင်းဖို့ ပြောတဲ့အခါမှာတော့ သူမရဲ့ ကြောင်လေးကို ငယ်ရွယ် ချောမောတဲ့ ကောင်လေးအဖြစ် ပြောင်းလဲပေးဖို့ စင်ဒရဲလားက ပြောလိုက်ပါတယ်။ ချက်ချင်းပဲ ကြောင်လေးဘဝကနေ ငယ်ရွယ်ချောမောတဲ့ ကောင်လေး အဖြစ် ပြောင်းလဲသွားတာပေါ့။

အဲ့ဒီနောက်မှာတော့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ကြပါတော့လို့ ပြောပြီး နတ်သမီးဖွားဖွားက ပျောက်ကွယ်သွားခဲ့တယ်။ အချိန်နည်းနည်းကြာအောင် တစ်ယောက်နဲ့တစ်ယောက် စိုက်ကြည့်နေကြပြီးတဲ့နောက်မှာတော့ ကောင်လေးဟာ စင်ဒရဲလားရဲ့ နားနားကို တိုးကပ်ပြီး စကားလေးတစ်ခွန်း ပြောလိုက်ပါတယ်။ အဲ့ဒါကတော့ “အခုအချိန်မှာတော့ ခင်ဗျား အနေနဲ့ ကျွန်တော့်ကို သင်းကွပ်ခဲ့မိတာကို နောင်တရနေမှာပေါ့” ဆိုတဲ့စကားပဲ ဖြစ်ပါတယ်။

စင်ဒရဲလား မင်းသမီးလေး နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခုကို ရိုးရာလေး ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပျော်ရွှင်စရာ တနင်္ဂနွေနေ့လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ အားလုံးပဲ ရယ်မော ပျော်ရွှင်နိုင်ကြပါစေရှင့်။

Ref: Jokesoftheday

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top