သင့်ကလေးရဲ့ တစ်ကိုယ်ရည် လုံခြုံရေးအတွက် သူတို့လေးတွေကို ဘာတွေ ဘယ်လို သင်ပေးမလဲ

little-girl-in-climbing-gear-hanging-on-rope-PJW7UPQ-e1564494414114.jpg

အခုတလောမှာ ကလေးသူငယ်တွေ နှိပ်စက်အနိုင်ကျင့်ခံနေရတာ၊ နည်းလမ်းအမျိုးမျိုးနဲ့ အကြမ်းဖက်ခံနေရတာနဲ့ ပတ်သက်ပြီး ကြားရတာ ထိတ်လန့်စရာ၊ ရာဇဝတ်မှု ကျူးလွန်သူတွေကို မုန်းတီးစက်ဆုပ်စရာပါ။ ကလေးရှိတဲ့ မိဘတိုင်းလည်း စိတ်ပူကြမှာပါပဲ။ အဲဒီတော့ သူတို့လေးတွေရဲ့ တစ်ကိုယ်ရည်လုံခြုံရေးအတွက် မိဘတွေက ဘာတွေ ဘယ်လို သင်ပေးသင့်တယ်ဆိုတာ မျှဝေလိုက်ရပါတယ်။

အဝတ်အစားနဲ့ ခန္ဓာကိုယ် အကြောင်း သင်ပေးပါ

အိမ်မှာပဲဖြစ်ဖြစ်၊ တခြားအပြင်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာ အဝတ်အစား လုံခြုံအောင် ဝတ်ဆင်ထားဖို့ သတိပေးပါ။ ဖြစ်နိုင်ရင် လူမြင်ကွင်းမှာ အဝတ်ဗလာနဲ့ ရေချိုးပေးတာတွေ မလုပ်ဖို့၊ အဝတ်အစားတွေ ချွတ်လဲတာတွေ မလုပ်စေဖို့ ဆင်ခြင်ပါ။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေကိုတော့ဖြင့် တခြားသူတွေကို ပေးကိုင်လို့ ရတယ်။ ဘယ်အစိတ်အပိုင်းတွေကိုတော့ ပေးကိုင်လို့ မရဘူးဆိုတာ ကလေးနားလည်နိုင်မယ့် ပုံစံမျိုးနဲ့ သင်ကြားပေးပါ။

မိဘမဟုတ်တဲ့ သူတွေ၊ အထူးသဖြင့် သူစိမ်းတွေနဲ့ ခန္ဓာကိုယ်ချင်း နီးနီးကပ်ကပ်နေတာကို ရှောင်ကြဉ်ခိုင်းပါ။ ပေါင်ပေါ်ထိုင်တာတွေ၊ အချီအပိုးခံတာတွေ မလုပ်ဖို့ ပြောပါ။

“ဟင့်အင်း“ လို့ ငြင်းရဲဖို့ သင်ပေးပါ

ကလေးတွေက လူကြီးဆိုတာနဲဲ့ကို “ ယုံကြည်ရမယ်၊ နားထောင်ရမယ် “ လို့ သိထားကြတော့ ဒုစရိုက်သမားတွေက ဒီအချက်တွေကို အခွင့်ကောင်းယူသွားနိုင်ပါတယ်။ ကိုယ် မလုပ်ချင်တာတွေ လုပ်ဖို့ ပြောလာရင် ၊ မိဘတွေ မသိအောင် တစ်နေရာရာကို ခေါ်သွားဖို့ ပြောလာရင်၊ ခန္ဓာကိုယ် ပိုင်း အခွင့်အရေးယူမှုတွေ ဖြစ်လာရင် လူကြီးမို့ မငြင်းရဲတာတွေ မရှိဖို့ သင်ပေးထားပါ။

အကူအညီ ရနိုင်မယ့် နေရာတွေ အကြောင်း သင်ပေးထားပါ

သင့်ကလေးက ငယ်သေးလို့ ဖုန်းပေးမကိုင်ထားရင်တောင်မှ သင့်ဆီကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်ကို သိအောင် ပြောပြထားပါ။ ကျောင်းသွားတဲ့၊ လာတဲ့ လမ်းတွေ၊ သူ့တစ်နေ့တာ ဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင်တွေမှာ အရေးအကြောင်းဆို ဝင် အကူအညီတောင်းလို့ ရမယ့် ဆွေမျိုးအိမ်တွေ၊ မိတ်ဆွေအိမ်တွေ၊ ရဲစခန်းတွေ၊ အသိမိတ်ဆွေတွေ ဖွင့်ထားတဲ့ ဆိုင်တွေကို ပြထားပါ။

မိသားစုသုံး စကားဝှက် (passcode) တွေ ထားသင့်ပါတယ်

သူစိမ်းတွေက သင့်ကလေးရဲ့ ကျောင်း၊ ကစားနေတဲ့ နေရာတွေကို လာပြီး “သမီး မေမေက မအားလို့ လာမကြိုနိုင်တော့ဘူး။ အဲဒါကြောင့် ဦးဦးကို လာကြိုခိုင်းလိုက်တာ။ လိုက်ခဲ့ပါ“ ဆိုတာမျိုး ပြောလာနိုင်ပါတယ်။ အဲဒီအခါမျိုးမှာ “စကားဝှက်“ ကို သင်ပေးထားပြီးပြီဆိုရင် အမေတကယ် လွှတ်လိုက်တဲ့ သူလား၊ ညာနေတဲ့ သူလားဆိုတာ သိနိုင်ပါတယ်။ “စကားဝှက်က ဘာလဲ“ လို့ လာကြိုတဲ့ သူကို မေးကြည့်ပြီး သူပြန်ဖြေတာ မမှန်ရင်၊ စကားဝှက် မသိရင် မယုံကြည်ဖို့ ကလေးကို သင်ပေးထားပါ။ စကားဝှက်ကို “ရောင်စုံခဲတံ“၊ “သကြားလုံး“၊ “တိရိစ္ဆာန်“ စသည်ဖြင့် လွယ်တာလေးတွေ ထားထားပေးနိုင်ပါတယ်။

သင့်ကလေးကို သူငယ်ချင်းတွေနဲ့ အတူတူ ကစားဖြစ်အောင် အားပေးပါ

ကလေးတစ်ယောက်တည်း သီးသန့် ခွဲထွက်နေတာမျိုးထက်စာရင် အစုအဖွဲ့နဲ့ ကစားနေတာက ပိုပြီးလုံခြုံမှု ရှိစေပါတယ်။ မျက်စိအောက်က အပျောက်မခံဘဲ သီးသန့် ထားထားတာက ရေရှည်မှာ အဆင်မပြေလှပါဘူး။ ကလေး စိတ်ပျော်ရွှင်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ကလေးကို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဆင်ပေးတာနဲ့ ပတ်သက်ပြီး ဆင်ခြင်ပါ

ဒါက မိဘတွေ လုပ်ရမယ့် အပိုင်းပါ။ ကလေးကို ရွှေငွေ အသုံးအဆောင်တွေ၊ တန်ဖိုးကြီး နည်းပညာပစ္စည်းတွေ ဆင်ပေးတာဟာ မိဘက ကြည့်မနေနိုင်တဲ့ အခါတွေမှာ ကလေးအတွက် အန္တရာယ်ရှိပါတယ်။ အဲဒီ ပစ္စည်းတွေကို လိုချင်ဇောနဲ့ ကလေးကို အန္တရာယ်ပေးသွားတာတွေလည်း ဖြစ်နိုင်ပါတယ်။

မိဘဟာ ယုံကြည်ကိုးစားရတဲ့ သူ ဖြစ်ကြောင်း အသိပေးထားပါ

“မင်း အမေကို ပြန်မပြောပြနဲ့နော်“ ဆိုပြီး ကလေးကို အသားယူနေတာတွေ၊ ကွယ်ရာမှာ အနိုင်ကျင့်နေတာတွေ မရှိတာ သေချာအောင်လုပ်ပါ။ အရမ်းအလုပ်များတဲ့ မိဘတွေကလွဲရင် ကျန်တဲ့ မိဘတော်တော်များများက ကလေးမျက်နှာရိပ် မျက်နှာကဲကို အရိပ်တကြည့်ကြည့် ရှိနေမှာ သေချာပါတယ်။ ဒါပေမဲ့ ကလေးမှာ ဘာဖြစ်လာလာ သင့်ကို ပြန်ပြောပြရဲမယ့် ယုံကြည်မှုမျိုး ရှိနေအောင် ပျိုးထောင်ပေးပါ။ ကလေး ပြောသမျှကိုလည်း ချစ်ခင်တဲ့ စိတ်နဲ့ အချိန်ပေးနားထောင်ပါ။

ကလေးသူငယ်တိုင်း ငယ်ဘဝကို ပျော်ရွှင်ပေါ့ပါးစွာနဲ့ ဖြတ်သန်းနိုင်ကြပါစေ။ မိဘတိုင်းလည်း စိတ်ပူပန်သောကတွေက ကင်းဝေးပြီး သားသမီးအပေါ် ချစ်ခြင်းမေတ္တာနဲ့ အကာအကွယ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Ref: Life360inc.

စည်သူ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top