အခုပဲ အားကစား တစ်ခုခု လုပ်လိုက်ပါ

image_large.jpg

“အခုပဲ အားကစား တစ်ခုခုလုပ်လိုက်ပါ “ လို့ တိုက်တွန်းလာရင် ဒါဟာ လက်တွေ့မဆန်တဲ့ အကြံပြုချက်ပဲ လို့ တချို့က သုံးသပ်ကြပါလိမ့်မယ်။

ဒီဘက်ခေတ်ကြီးက အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ခေတ်ကြီးဆိုတော့ ကျွန်တော်တို့ဟာ ခေတ်ကို အမီလိုက်နေရတယ်။ တခြားသူတွေထက် နောက်မကျရအောင် ပညာရပ်အသစ်တွေ၊ စီးပွားရေးအခွင့်အလမ်းအသစ်တွေ နောက်ကို မလွတ်တမ်းလိုက်နေရတယ်။ အဲဒါတွေ နောက်ပိုင်း အပန်းဖြေမှုအနေနဲ့ကျတော့ရော ဘာလုပ်ဖြစ်သလဲ။ အရသာ ရှိသလောက် ကျန်းမာရေးအတွပ် မကောင်းတဲ့ အစားအသောက်တွေကို စားကြတယ်။ တီဗီရှေ့ မှာ ထိုင်ရင်း ၊ လဲလျောင်းရင်း ဇာတ်လမ်းတွဲတွေ၊ ဇာတ်ကားတွေကို နာရီပေါင်းများစွာ ကြည့်ကြတယ်။ အိပ်ယာထဲမှာ ဖုန်းကို အကြာကြီး ထိုင်ပွတ်ရင်း အိပ်ချိန်နည်းပါးလာရတယ်။

ကျန်းမာရေးနဲ့ ဆေးလောက ပညာရှင်တွေကတော့ “ကိုယ်လက် လှုပ်ရှားမှု နည်းပါးခြင်း “ကို “အသံတိတ် လူသတ်သမား (silent killer) “ လို့ ခေါ်ကြတယ်။ အကြောင်းရင်းကတော့ အဲဒီကနေ ဖြစ်ပွားလာနိုင်တဲ့ ရောဂါတွေ အများအပြား ရှိလို့ပဲ။ ဒါကြောင့် ကိုယ်လက်လှုပ်ရှားမှုတွေ၊ အားကစားတွေ ပြုလုပ်တာဟာ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေးအရ လုပ်တယ်ဆိုတဲ့ အပြင် မလှုပ်မရှားနဲ့ ကုန်ဆုံးနေရတဲ့ အချိန်တွေအတွက် ပြန်လည်ဟန်ချက်ထိန်းညှိပေးရာ ရောက်ပါတယ်။

ဆေးဘက်ဆိုင်ရာ သုတေသနတွေအရ ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဟာ အရိုးအဆစ်ရောင်ရမ်းမှု ဖြစ်ပွားနိုင်ချေကို ၈၃ % အထက်၊ တင်ပါးဆုံရိုး ကျိုးကြေမှု ဖြစ်နိုင်ချေကို ၆၈ % အထက်၊ ဆီးချိုရောဂါ (type-2) ဖြစ်ပွားနိုင်ချေကို ၅၀ % အထက် လျော့ချပေးနိုင်ပါတယ်။ ပြီးတော့ စောစီးစွာ သေဆုံးမှုကို ၃၀ % အထက်၊ စိတ်ကျရောဂါကို ၃၀% အထက် ကာကွယ်ပေးနိုင်ချေ ရှိပါသတဲ့။ ရင်သားကင်ဆာ၊ နှလုံးရောဂါစတာတွေကိုလည်း ထိရောက်စွာကာကွယ်ပေးနိုင်ပါသတဲ့။

ပညာရေး၊ စီးပွားရေးတွေ နောက်ကို လိုက်တာဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါတွေက ရတဲ့ အသီးအပွင့်တွေကို ခံစားနိုင်ဖို့ဆိုတာ ကျန်းမာရေးကောင်းနေဖို့ကလည်း လိုသေးတယ် မဟုတ်လား။ ဒါကြောင့် အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပုံမှန်လုပ်ဖြစ်ဖို့ အတွက် အချိန်အနည်းအကျဉ်းဖယ်ထားပြီး ကိုယ့် ကျန်းမာရေးအတွက်လည်း ဂရုစိုက်ပေးသင့်တဲ့အကြောင်း သတိပေးနှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။

Ref: NHS:” Benefits of Exercise”

ကျော်သန့်(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top