ကလေးတွေရဲ့ကိုယ်နေဟန်ထားမှန်ဖို့ မိဘတွေက ဘယ်လိုဂရုစိုက်ပေးမလဲ

31-8-2021-yyl13.jpg

လူတစ်ယောက် ကိုယ်နေဟန်ထား၊ ခန္ဓာကိုယ်အနေထားမှန်ဖို့ကလည်း အရေးကြီးပါတယ်။ ကိုယ်နေဟန်ထားမမှန်ဘဲ ပျော့တိပျော့ခွေနေတာ၊ ခါးကုန်းပြီးနေတာတွေက ကြွက်သားတင်းတာ၊ အရိုးအဆစ်နာကျင်တာ၊သွေးလည်ပတ်မှုအားနည်းတာတွေဖြစ်လာနိုင်တဲ့အပြင် အသက်ရှုရခက်တဲ့ပြဿနာနဲ့ ခြေကုန်လက်ပန်းကျတာတွေလည်းဖြစ်လာနိုင်ပါတယ်။ ကိုယ်နေဟန်ထားမမှန်ဘဲ နေတာကြာလာရင် အကျင့်ဖြစ်သွားနိုင်တာကြောင့် မိဘတွေက မိမိတို့ရဲ့သားသမီးတွေကို ငယ်စဉ်ကတည်းက ကိုယ်နေဟန်ထားမှန်မှန်နဲ့ ထိုင်တာ၊ လုပ်တာရဲ့အရေးကြီးပုံကို ဂရုစိုက်သင်ကြားပေးသင့်ပါတယ်။ ငယ်ငယ်လေးကတည်းက ကောင်းတဲ့အလေ့အကျင့်ရှိမှ အရွယ်ရောက်လာတဲ့အချိန်မှာ ကိုယ်နေဟန်ထားမှန်တဲ့အလေ့အကျင့်ရှိသွားမှာဖြစ်ပါတယ်။ အရင်ဆုံး မိဘတွေက ကလေးတွေရဲ့ကိုယ်နေဟန်ထား၊ ခန္ဓာကိုယ်အနေအထားတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး ခန္ဓာကိုယ်အနေအထားမှန်အောင် သင်ပေးပါ။ အဲဒါနဲ့ပတ်သက်ပြီး မိဘတွေအတွက် အကူအညီဖြစ်စေမယ့် အချက်တွေကို ရေးသားမျှဝေပေးလိုက်ရပါတယ်။

ကိုယ်နေဟန်ထားအမှန်ကို သင်ကြားပေးပါ

ကလေးတွေအများစုက ခန္ဓာကိုယ်အနေအထားမမှန်ဘဲ ထိုင်တယ်။ လမ်းလျှောက်ကြတယ်။ ဘာလို့လဲဆိုရင် နည်းလမ်းအမှန်ကို မသိကြလို့ပါပဲ။ သူတို့ကို ဘယ်လိုလမ်းလျှောက်ရမယ်။ ဘယ်လိုထိုင်ရမယ်ဆိုတာကို သင်ကြားပေးပါ။ ခန္ဓာကိုယ်မတ်မတ်ထိုင်မယ်။ ခါးကို ကိုင်းမထားနဲ့ စတဲ့ ပြောဆိုလမ်းညွှန်ချက်ရုံနဲ့မရပါဘူး။ ကလေးတွေကို ခန္ဓာကိုယ်အနေအထားမမှန်ဘဲ ထိုင်ခြင်းရဲ့အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို နားလည်အောင် ရှင်းပြပေးဖို့ လိုအပ်ပါတယ်။

ထိုင်တဲ့အခါ ကလေးတို့ရဲ့နောက်ကျောမှာ ခေါင်းအုံးအသေးထားပေးပါ

ကလေးတွေက စာလေ့လာတဲ့အခါ ခန္ဓာကိုယ်အနေအထားတစ်မျိုးတည်းနဲ့ အချိန်အကြာကြီး ထိုင်တတ်ကြပါတယ်။ ကလေးတွေ သက်တောင့်သက်သာနဲ့ အချိန်အကြာကြီးထိုင်ပြီး စာလေ့လာလို့ရမယ့် နေရာတစ်ခု စီစဉ်ထားပါ။ လက်တော့ပ်အသုံးပြုနေတယ်ဆိုရင် မျက်လုံးနဲ့တည့်တည့်မှာထားပါ။ ဒါမှ ထိုင်တာ ပျော့တိပျော့ခွေမဖြစ်မှာပါ။ အခန်းကလည်း အလင်းရောင်ကောင်းကောင်းရပါစေ။ ထိုင်ခုံနဲ့ ထိုင်နေတယ်ဆိုရင် ခါးကိုမတ်မတ်ထားပြီး ထိုင်ဖို့ ပြောပေးပြီး မှီလို့ရအောင် ကျောနဲ့ ထိုင်ခုံကြားမှာ ခေါင်းအုံးထားပေးသင့်ပါတယ်။

လေ့ကျင့်ခန်းကလည်း အကူအညီဖြစ်စေပါတယ်

ကလေးတွေကို နေ့တိုင်း ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းပေးပါ။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အနေအထား၊ ကိုယ်နေဟန်ထားမှန်စေမယ့် အကောင်းဆုံးနည်းလမ်းပါပဲ။ ကြွက်သားနာကျင်တာ၊ ခြေကုန်လက်ပန်းကျတာ၊ စိတ်ဖိစီးတာနဲ့ ထိခိုက်ဒဏ်ဖြစ်နိုင်ခြေရှိတာတွေကို လျော့ချနိင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ကလေးတွေလုပ်ဖို့ သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ခိုင်းပေးပါ။

မိဘတွေကိုယ်တိုင်က ရှေ့ဆောင်လမ်းပြလုပ်ပေးပါ

ကလေးတွေက မိသားစုဝင်တွေဆီကနေ အတုယူတက်ကြပါတယ်။ ဘယ်လိုထိုင်တာ၊ ဘယ်လိုပြုမူတာတွေကို မှတ်ထားပြီး အဲဒီအတိုင်း လိုက်လုပ်တတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေကို အလေ့အကျင့်ကောင်းတွေ မွေးမြူစေချင်ရင် သင်ကိုယ်တိုင်က ခန္ဓာကိုယ်အနေအထား၊ ကိုယ်နေဟန်ထားမှန်မှန်နဲ့ ရှေ့ဆောင်လမ်းပြသင့်ပါတယ်။

Ref: Five ways to fix your kid’s bad posture

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top