လေဆိပ်စစ်ဆေးရေးဂိတ်မှာ သူ့ဆီကနေ ” တီ တီ တီ ” အသံမည်နေလို့ လုံခြုံရေးက အခန်းထဲ ခေါ်သွားပြီး ပစ္စည်းအားလုံး ထုတ်ပြခိုင်းတယ်။ တကယ်တော့ မေ့မှာစိုးလို့ ဖိနပ်ထဲ ထည့်ထားတဲ့ အိမ်သော့ကနေ အသံမြည်နေတာပါ။ ဒီတော့မှ ဂိတ်ထဲကို ဝင်ခွင့်ရတယ်။ ၈၉ နှစ်အရွယ် အဘွားအို ဝီလ်ဆင်က သူ့မှာရှိသမျှ အကောင်းဆုံး အဝတ်အစားတွေ ထုတ်ဝတ်လာတာတောင် လေဆိပ်ထဲမှာ လူတွေက သူ့ကို အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ပြီး ရှောင်ကွင်းသွားကြတယ်။
လေယာဉ်တစ်ခါမျှ မစီးဖူးတော့ လေဆိပ်ထဲမှာ ယောင်ချာချာ ဖြစ်နေတာပေါ့။ လေဆိပ်ဝန်ထမ်းသာ မကူညီရင် တခြားခရီးသည်တွေနောက် လျှောက်လိုက်နေရင်း သူစီးရမယ့်လေယာဉ် လွတ်သွားမှာ သေချာတယ်။အဲဒီလို အခက်အခဲမျိုးစုံ ကြုံခဲ့ပြီးနောက်မှာတော့ အဘွားအို ဝီလ်ဆင် လေယာဉ်ပေါ် တက်ခွင့် ရပါပြီ။ ဒါပေမဲ့ နွမ်းဖန့်ဖန့် ဝတ်စားထားတဲ့ အဘွားအိုတစ်ယောက် Business Class လက်မှတ် ဝယ်ထားတယ်ဆိုတော့ အံ့သြသလို အကြည့်တွေနဲ့ ကြည့်နေကြပြန်တာပေါ့။
အဘွားအို ဝီလ်ဆင်က သန့်သန့်ပြန့်ပြန့် လူငယ်တစ်ယောက်ဘေးမှာ ထိုင်ရမှာပါ။ ဒါပေမဲ့ လူငယ်ကတော့ အဘွားအိုကို သူ့ဘေးမှာ လာမထိုင်စေချင်လို့ ခုံပေါ်မှာ မဂ္ဂဇင်းစာအုပ် ချထားတယ်။ သူ့မျက်နှာမှာ မနှစ်မြို့ဟန်အပြည့်။” ဒါက business class နော်။ ကျုပ်က တောင်းစားတဲ့ အဘွားကြီးဘေးမှာ ထိုင်ဖို့ ပိုက်ဆံပိုပေးပြီး ဒီလက်မှတ် ဝယ်ထားတာ မဟုတ်ဘူး” ”စိတ်လျှော့ပါ မစ္စတာသွမ်ပဆန်၊ မစ္စဝီလ်ဆင်ကလည်း ရှင့်လို လက်မှတ်မျိုးပဲ ဝယ်ထားတာပါ။ မယုံရင် ဒီမှာ ကြည့်ပါ။ ရော့ ကြည့်” လို့ လေယာဉ်မယ်က အဘွားအိုဘက်က ကူပြောပေးတယ်။
” တော်ပြီ ဘာမှ မကြည့်ချင်ဘူး။ ကျုပ်ကိုက မှားတာ။ ဒါမှန်းသိ ရိုးရိုးတန်း လက်မှတ်ပဲ ဝယ်မှာပေါ့” လို့ မစ္စတာသွမ်ပဆန်က မကျေမချမ်း အော်ပြောတယ်။ သူ အော်ပြောလိုက်တော့မှ လူတွေလည်း သူတို့အဖြစ်ကို သတိထားမိသွားတာပေါ့။အဘွားအို ဝီလ်ဆင်ကတော့ ဘာတစ်ခွန်းမှ ပြန်မပြောရှာဘူး။ ခရီးသည်တွေထဲမှာ မစ္စတာသွမ်ပဆန် မှန်တယ်လို့ ထင်သူတွေရှိသလို အဘွားအိုကို သနားနေတဲ့သူတွေလည်း ရှိတာပေါ့။
ဘာဆက်လုပ်ရမယ်မှန်း မသိတော့တဲ့ လေယာဉ်မယ်က အဘွားအိုကို ရိုးရိုးတန်းမှာ ပြောင်းစီးပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ ” ရပါတယ်ကွယ်။ ကိစ္စမရှိပါဘူး။ ရိုးရိုးတန်းမှာ စီးရမယ်ဆိုတော့လည်း ရိုးရိုးတန်းကို သွားတာပေါ့” လို့ အဘွားအိုက ပြောလိုက်ပေမဲ့ သူ့မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေတယ်။
နောက်ဆုံးမှာတော့ မစ္စတာသွမ်ပဆန်ကလည်း သူ့ကို ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေဒဏ် မခံစားနိုင်တော့လို့ ထိုင်ခုံပေါ်က မဂ္ဂဇင်စာအုပ်ကို ဖယ်ပေးလိုက်တယ်။ ”ဒီမှာပဲ ထိုင်ပါ မစ္စဝီလ်ဆင်။ ဒါက ခင်ဗျား ပိုက်ဆံပေးဝယ်ထားတဲ့ ခင်ဗျားရဲ့ ထိုင်ခုံပါပဲ။ ကျုပ် ဘာပြောနိုင်ဦးမှာလဲ”
ဒီတော့မှ အဘွားအိုက မဝံ့မရဲ ဝင်ထိုင်လိုက်တယ်။ ဒါပေမဲ့ သူ့ လက်ဆွဲအိတ် ပွင့်နေတယ်ဆိုတာ သတိမထားလိုက်မိလို့ ထိုင်ချလိုက်ချိန်မှာ လက်ဆွဲအိတ်ထဲကနေ အနားတွန့် ခေတ်ဟောင်းဓာတ်ပုံတစ်ပုံ ထွက်ကျသွားတယ်။ မစ္စတာသွမ်ပဆန်က ဓာတ်ပုံကို လှမ်းကောက်ပြီး ကြည့်လိုက်တော့ ကောင်လေးတစ်ယောက်ပုံ တွေ့တယ်။
သူက အဘွားအိုကို ဓာတ်ပုံ လှမ်းပေးလိုက်ပြီး ” ဒါ ခင်ဗျားအတွက် အရေးကြီးတဲ့ဓာတ်ပုံလား” လို့ စကားစလိုက်တယ်။ အဘွားအိုကတော့ ကမ္ဘာ့အဖိုးတန်ပစ္စည်းတစ်ခုကို ကိုင်တွယ်ရသလို ပုံစံမျိုးနဲ့ ဓာတ်ပုံကို တယုတယလှမ်းယူလိုက်တယ်။ ပြီးတော့ သူ့မျက်လုံးတွေ ဝင်းလက်ပြီး သူ့မျက်နှာက ရွှန်းပလာတယ်။
” သိပ်အရေးကြီးတဲ့ ဓာတ်ပုံပေါ့ကွယ်။ ဒီဓာတ်ပုံထဲက ကလေးက ငါ့သားလေး ကီဗင်လေ။ ငယ်ငယ်လေးကတည်းက သူ့ကို ဆုံးရှုံးခဲ့ရတာပေါ့” လို့ ဆွေးဆွေးမြေ့မြေ့ပြောတယ်။ ဘေးနားက ခရီးသည်တွေကလည်း အဘွားအို ဆက်ပြောမယ့် အကြောင်းကို နားစွင့်နေကြတယ်။
အဘွားအိုနာမည်က ဒေါ်ရိုသီဝီလ်ဆင်ပါ။ ဆင်းရဲတဲ့မိသားစုကနေ မွေးဖွားလာသူ။ မောင်နှမ ၄ ယောက်ထဲမှာ သူ အကြီးဆုံးပဲ။ အငယ်ဆုံးမောင်လေးက စိတ်ကျန်းမာရေး မကောင်းရှာဘူး။ အမကြီး အမိရာ ဖြစ်တဲ့ ဒေါ်ရိုသီက မိဘတွေကို ဝိုင်းကူရသလို မောင်တွေ၊ ညီမတွေကိုလည်း ထိန်းရတယ်။
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဒေါ်ရိုသီရဲ့အဖေက စစ်ထဲဝင်သွားတယ်။ သူ ထွက်မသွားခင် ဒေါ်ရိုသီကို ဘိုးဘွားအမွေအနှစ်ပစ္စည်းလေး တစ်ခု ပေးခဲ့တယ်။ သူ ပြန်လာတဲ့အထိ သေသေချာချာ ထိန်းသိမ်းထားဖို့ မှာပြီး သူ့အဖေ ထွက်သွားခဲ့တယ်။ ဒါပေမဲ့ အသက်ရှင်လျက် အိမ်ပြန်မရောက်ခဲ့ပါဘူး။ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းမှာ ဖက်ဆစ်တွေနဲ့တိုက်ရင်း အသက်စွန့်သွားခဲ့ပါတယ်။
မိသားစုကို အဓိကရှာဖွေကျွေးမွေးနေတဲ့ အိမ်ထောင်ဦးစီး ဖခင်ဖြစ်သူ မရှိတော့တဲ့နောက်မှာတော့ အရင်ကတည်းက ဆင်းဆင်းရဲရဲ နေခဲ့ရတဲ့ ဒေါ်ရိုသီတို့ မိသားစုတွေ အဆမတန် ရုန်းကန်ခဲ့ရတာပေါ့။ ဒေါ်ရိုသီရဲ့အမေကလည်း နောက်အိမ်ထောင် မပြုခဲ့ပါဘူး။ တဖြည်းဖြည်း အချိန်တွေ ကုန်လွန်လာပြီး ဒေါ်ရိုသီ အိမ်ထောင်ပြုချိန် ရောက်လာပေမဲ့ အမေနဲ့ မောင်လေးကို ပြုစုစောင့်ရှောက်ဖို့အရေးပဲ ဦးစားပေးခဲ့တယ်။ ဒေါ်ရိုသီရဲ့ အောက်က မောင်နဲ့ ညီမကတော့ မိသားစုကို ပစ်ထားပြီး မြို့ကြီးပြကြီးတွေကို ထွက်သွားကြတယ်လေ။
၂၈ နှစ်အရွယ်မှာတော့ ဒေါ်ရိုသီတစ်ယောက် ဖူးစာဖက်နဲ့ဆုံတယ်။ သူ့နာမည်က ဂျက်တဲ့။ သိုးမွေးမြူရေးသမားလေ။ ဂျက်နဲ့ ချစ်သူဖြစ်တော့ ဒေါ်ရိုသီတစ်ယောက် နတ်သမီးပုံပြင်ထဲ ရောက်နေသလိုပဲ။ အိပ်မက်ဆန်ဆန်ပေါ့။
သူတို့နှစ်ယောက် မင်္ဂလာဆောင်ဖို့ စီစဉ်နေချိန်မှာပဲ ကံဆိုးမိုးမှောင်ကျခဲ့တယ်။ တညနေခင်းမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ မောင်ဖြစ်သူက မီးနဲ့ဆော့ရင်း ဒေါ်ရိုသီတို့အိမ် မီးလောင်သွားတယ်။ အိမ်မီးလောင်နေချိန်မှာ ဂျက်က သူ့ယောက်ဖလောင်းကို ဝင်ကယ်ရင်း နှစ်ယောက်လုံး သေဆုံးသွားခဲ့တာပါ။
ဒေါ်ရိုသီတို့ သားအမိကတော့ ဂျက်ရဲ့သိုးအုပ်ကို ရောင်းပြီးရလာတဲ့ ပိုက်ဆံလေးနဲ့ တဲကုပ်လေးတစ်လုံး ဆောက်နေရတာပေါ့။ သိပ်မကြာခင်မှာပဲ ဒေါ်ရိုသီက သူ့ဆီမှာ ကိုယ်ဝန်ရှိနေမှန်း သိသွားတယ်။ ဂျက်နဲ့ အချစ်နယ်လွန်မိခဲ့ကြတာလေ။ အဲဒီအချိန်မှာ ဒေါ်ရိုသီရဲ့အမေကလည်း စိတ်မူမမှန်တဲ့ လက္ခဏာတွေ ပြလာတယ်။ သူ့အပြုအမူတွေက ခက်ထန်လာတယ်။
အခုလို ဒုက္ခရောက်နေရတာ ဒေါ်ရိုသီကြောင့်ဆိုပြီး သူ့ကိုပါ ဓားနဲ့ထိုးဖို့ ကြိုးစားတဲ့အထိပဲ။ အဲဒီလိုအဖြစ်မျိုးက တစ်ကြိမ်မကဘူး။ ဘဝတစ်လျှောက်လုံးမှာ ကံတရားရဲ့ မျက်နှာသာပေးခြင်းမခံရတဲ့ ဒေါ်ရိုသီဟာ ရင်သွေးရချိန်မှာတော့ ကံကောင်းတယ်ဆိုရမလားပဲ။ သားချောလေး မွေးတယ်။ သားချောလေးကို ကီဗင်လို့ နာမည်ပေးလိုက်တာပေါ့။
ဒါပေမဲ့ သူ့အမေရန်ကို တွေးမိပြီး ဒေါ်ရိုသီ တစ်စက္ကန့်မျှ စိတ်မအေးရဘူး။ ဘယ်အချိန်များ စိတ်ဖောက်ပြီး ကီဗင်ကို တစ်ခုခု လုပ်လိုက်မလဲလို့ အချိန်ပြည့် တွေးပူနေရတယ်လေ။ ဒီလိုနဲ့ ကီဗင် လူမမယ်အရွယ်မှာပဲ ဒေါ်ရိုသီက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ရတယ်။ စိတ်မူမမှန်တဲ့ အဘွားနဲ့ နေရတာထက်စာရင် ကီဗင်ကို မိဘမဲ့ဂေဟာ ပို့လိုက်တာ ပိုစိတ်ချရမယ်လို့လေ။
ဒေါ်ရိုသီကတော့ သူ့အမေကို ပြုစုရင်းနဲ့ တဲကုပ်လေးထဲမှာပဲ ဆက်နေခဲ့တယ်။ ဒီလိုနဲ့ နှစ်အနည်းငယ်ကြာလို့ သူ့အမေ ဆုံးသွားချိန်မှာတော့ ဒေါ်ရိုသီက ကီဗင်ကို ပြန်ခေါ်မယ်ဆိုပြီး မိဘမဲ့ဂေဟာကို သွားခဲ့တယ်။ ဒါပေမဲ့ ကီဗင်က မရှိတော့ပါဘူး။ မွေးစားမယ့်မိသားစုဆီ ရောက်သွားပြီ။
အဲဒီအချိန်ကစပြီး ဒေါ်ရိုသီက သူ့သားကို လိုက်ရှာခဲ့တယ်။ နှစ်တော်တော်ကြာတဲ့နောက်မှာတော့ ပျောက်ဆုံးမိသားစုဝင်တွေကို ရှာဖွေရာမှာ ကူညီပေးတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ အကူအညီကြောင့် သူ့သားကို ဒေါ်ရိုသီ ရှာဖွေနိုင်ခဲ့ပါပြီ။ သူ့သားကလည်း ဒီလေယာဉ်ပေါ်မှာ လိုက်ပါမယ့်သူပါ။ အဲဒါကြောင့်လည်း သူ့သားနဲ့ နီးအောင် Business Class ထိုင်ခုံ ဝယ်ခဲ့တာပေါ့။
သူ့ဘဝဇာတ်ကြောင်း ပြောပြပြီးချိန်မှာတော့ ဒေါ်ရိုသီက ” ကျွန်မ သေမယ်ဆိုရင်တောင် နောက်ကြောင်းဖြောင့်ပါပြီ။ ကျွန်မသားလေး ကီဗင် အဆင်ပြေပြေ ရှိနေတယ်လို့ သတင်းကြားရတာ ကျွန်မ အရမ်းဝမ်းသာပါတယ်” လို့ အဆုံးသတ် ပြောလိုက်ပါတယ်။
ခရီးသည်တွေအားလုံးကလည်း အဘွားအို ဒေါ်ရိုသီဝီလ်ဆင်ရဲ့ ဘဝဇာတ်ကြောင်းကို စိတ်ဝင်တစား နားထောင်လာခဲ့ကြတာ အချိန်ကုန်လို့ ကုန်မှန်းမသိပါပဲ။ တချို့ဆိုရင် ဒီအကြောင်း ကြားလိုက်ရပြီး ဘဝအပေါ်မြင်တဲ့ အမြင်တွေတောင် ပြောင်းလဲသွားကြတယ်။ ခရီးသည်တွေအားလုံး ငြိမ်သက်နေဆဲမှာပဲ လေယာဉ်မယ်က လေယာဉ်စက်ခန်းထဲ ဝင်သွားတာကို ဘယ်သူမှ သတိမထားမိလိုက်ပါဘူး။
မိနစ်ပိုင်းအကြာမှာတော့ လေယာဉ်မှူးအခန်းကနေ စကားပြောသံ ထွက်လာပါတယ်။ ” ခရီးသည်များခင်ဗျာ။ လေယာဉ်မှူး စကားပြောနေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ ခရီးစဉ် အဆုံးသတ်ခါနီးပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ဘဝတွေကတော့ ရှေ့ခရီးဆက်နေရဦးမှာပါ။ ခွင့်လွှတ်ရင်လည်းပျော်ရွှင်ရတယ်ဆိုတာ မသိရင်တော့ အပြစ်မရှိ၊ အပြစ်ရှာတတ်တဲ့စိတ်ကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။ တပါးသူအကြောင်း ရေရေရာရာ မသိဘဲ အပြင်ပန်းကြည့်ပြီး မကြည်မလင် မုန်းစိတ်ဝင်နေတာမျိုး မလုပ်သင့်ပါဘူး”
” ပြီးတော့ ဒီခရီးစဉ်မှာ ကျွန်တော်နဲ့အတူ လိုက်ပါလာတဲ့ အမေ့ကိုလည်း အရမ်းချစ်တယ်လို့ ပြောချင်ပါတယ်။ အမေ့ကို ဟိုးအရင်ကတည်းက ခွင့်လွှတ်ပေးပြီးသားပါ။ အမေက လူကောင်းတစ်ယောက်ဖြစ်သလို လူတွေရဲ့ လေးစားမှုနဲ့လည်း ထိုက်တန်သူပါ”လို့ လေယာဉ်မှူးက ပြောလိုက်ချိန်မှာ ခရီးသည်တွေအားလုံး လက်ခုပ်တီးဂုဏ်ပြုကြပါတော့တယ်။
လေဆိပ်ကို လေယာဉ်ဆင်းသက်ပြီးနောက်မှာတော့ ဒေါ်ရိုသီဝီလ်ဆင်က သူ့သား ကီဗင်ကို ပွေ့ဖက်ပြီး ဝမ်းသာမျက်ရည်တွေ စီးကျနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က သူ့ရဲ့ ၈၉ နှစ်ပြည့် မွေးနေ့လေ။ ဒေါ်ရိုသီက သူ့လက်ဆွဲအိတ်ထဲကနေ ပစ္စည်းလေးတစ်ခု ထုတ်ပြီး ကီဗင်ကို ပေးလိုက်တယ်။ သူ့အဖေ စစ်ထဲလိုက်မသွားခင် ပေးထားခဲ့တဲ့ ဘိုးဘွားအမွေအနှစ်ပစ္စည်းလေးပေါ့။
NZ (ရိုးရာလေး)