ပဲလိပ်ပြာပန်း ပန်ဆင်ထားတဲ့ နတ်သမီး

9-9-2022yyl07.jpg

” ပဲလိပ်ပြာလေး ပြန်လာပြီလား”
မစ္စဂျိမ်းစ်က သူ့ရဲ့စိုက်ပျိုးရေးလက်အိတ်ကို ချွတ်၊ သူ့လက်တွေကို ခါးစည်းပုဝါနဲ့ သုတ်ပြီး မြေးမလေး အိုလီဗီယာကို ထွေးပွေ့လိုက်တယ်။ လမ်းလျှောက်တတ်ခါစကနေ အထက်တန်းကျောင်း ရောက်ချိန်အထိ အိုလီဗီယာက ညနေ ၃ နာရီထိုးတာနဲ့ ကျောင်းကားပေါ်ကနေ ဆင်းလာရင် သူ့အဘွား ဂျိမ်းစ်ရဲ့ အိမ်ထဲ ပြေးဝင်လာပြီး အိမ်နောက်ဖေး ပန်းခြံဆီကို တန်းသွားနေကျ။

အိုလီဗီယာက ကိုယ်လက်သန့်ရှင်းရေး လုပ်ပြီးရင် သူ့အဘွား ခူးပေးထားတဲ့ သစ်သီးတွေကို စား၊ ပြီးတာနဲ့ နောက်ဖေးပန်းခြံထဲမှာ လက်တွေ ပေပွတဲ့အထိ ဆော့တော့တာပဲ။ အမေးအမြန်းလည်း ထူသေးတယ်။ ”ဒီအပင်က ဘာပင်လဲ။ ဒီအနွယ်က ဘာကြီးလဲ။ ဒီအပင်ကရော အဘွား” ဆိုပြီး တရစပ်မေးတော့တာပဲ။ မစ္စဂျိန်းစ်ကလည်း သူ့မြေးမလေး မေးသမျှ မမောနိုင် မပန်းနိုင် ဖြေရှာတယ်။

မစ္စဂျိန်းစ်က စိုက်တာ၊ ပျိုးတာတွေ ပြီးသွားရင် အိုလီဗီယာရဲ့ဆံပင်လေးတွေကို ကျစ်ဆံမြီးကျစ်ပေးလေ့ရှိတယ်။ ဒါက နေ့စဉ်လုပ်နေကြအလုပ်။ ကျစ်ဆံမြီး ကျစ်မပေးခင် ” မြေးလေးကြိုက်တဲ့ အကြွေပန်းလေးတွေ သွားကောက်လာခဲ့။ အပင်ကနေ မခူးခဲ့ရဘူးနော်” လို့ ပြောတတ်တယ်။ မစ္စဂျိန်းစ်က အဲဒီလို ပြောလိုက်တာနဲ့ အိုလီဗီယာက ပဲလိပ်ပြာပန်းလေးတွေ သွားကောက်တော့တာပဲ။ နှင်းဆီ၊ ဇီဇဝါပန်းတွေထက်စာရင် ပဲလိပ်ပြာပန်းအနံ့ကို သူ ပိုကြိုက်တယ်။

ပျင်းရိဖွယ် မွန်းလွဲပိုင်းတွေမှာ မြေးအဘွား နှစ်ယောက် ရယ်ရယ်မောမော နေကြပြီးရင် အိုလီဗီယာက အိမ်ဘေးမှာ ဆော့နေတော့တာပဲ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က မြင်ကွင်းတွေပေါ့။ အခုတော့ ယုယမယ့်သူ မရှိတော့တဲ့ ဥယျာဉ်ထဲမှာ အိုလီဗီယာ တစ်ယောက်တည်း။ သူ အကြိုက်ဆုံး ပဲလိပ်ပြာပန်းရနံ့တွေကတော့ ခပ်သင်းသင်း မွေးပျံနေဆဲ။

အခုတော့ ဒီအိမ်ကြီးဟာ အရင်လို မဟုတ်တော့။ အိမ်ပိုင်ရှင်အဘွား သေသွားပြီးကတည်းက အရောင်အသွေး မှိန်ဖျော့သွားသလိုပဲ။ လွန်ခဲ့တဲ့တစ်ပတ်က အဘွားဂျိန်းစ် ဆုံးသွားတာကို အိမ်ကြီးက သိနေသလားတောင် ထင်ရတယ်။ ” အနည်းဆုံးတော့ အဘွားရဲ့ နောက်ဆုံးအချိန်တွေမှာ သူ အနေချင်ဆုံးနေရာမှာ ငါ အတူရှိနေပေးနိုင်ခဲ့တာပဲလေ” လို့ တွေးရင်း အိုလီဗီယာက ဝမ်းနည်းစိတ်ကို ဖြေသိပ်နေရတယ်။

အိုလီဗီယာက အိမ်ထဲ ပြန်ဝင်သွားပြီး ၇ နှစ်အရွယ် သမီးငယ် လီနာ နိုးနေသလား ကြည့်လိုက်တယ်။ ပြီးတော့ နာရီကို မော့ကြည့်လိုက်ပြီး ” ရောက်လာကြတာ့မှာပဲ” လို့ ခပ်တိုးတိုး ရေရွတ်လိုက်တယ်။ လောဘဇောတိုက်နေကြတဲ့ သူ့အမေနဲ့ သူ့ညီမ ရောက်လာမှာကို အိုလီဗီယာ စောင့်နေတာပါ။ အိမ်ရှေ့ခြံဝင်းတံခါး ပွင့်သံကြားလိုက်တယ်။ ” ဒီသော့ခလောက်တွေကို ငါ လဲဦးမှပါ”

” အိုလီဗီယာ မေ့ချစ်သမီးလေး။ အဆင်ပြေရဲ့လား” လို့ သူ့အမေ မာဂရက်က သနားဟန်ဆောင်ပြီး မေးတယ်။ မာဂရက်က သူ့ဦးထုပ်ကိုချွတ်ပြီး ခုံပေါ်တင်လိုက်ပြီးတော့မှ ဖုန်တွေကို မြင်ပြီး မျက်နှာ ကွက်ခနဲ ပျက်သွားတယ်။ ပြီးတော့ ဦးထုပ်ကို ပြန်ကောက်လိုက်ပြီး စကားဆက်ပြောတယ်။

” ဈာပနအခမ်းအနားလုပ်နေရင်းတန်းလန်း သမီး ထွက်သွားတာပဲ။ သမီးညီမပြောတဲ့ ဝမ်းနည်းခြင်းအမှတ်တရစကားကို သမီး နားမထောင်လိုက်ရဘူးပဲ။ သမီးညီမက သူရေးထားတဲ့စာကို ဖတ်ပြလိုက်တော့ ပရိသတ်တွေကို မျက်ရည်ကျကုန်တော့တာပဲ” မာဂရက်က သူ့သမီးငယ် ဗစ်တိုးရီးယားကို စကားဝင်ပြောဖို့ မျက်ရိပ်မျက်ခြည်ပြလိုက်တယ်။

” အဆင်ပြေရဲ့လား အိုလေ။ သမီးလေး လီနာရော ဘယ်မှာလဲ”သူ့ညီမက အိုလေလို့ ခေါ်လိုက်တော့ အိုလီဗီယာ ခစ်ခနဲ ထရယ်မိမလိုတောင် ဖြစ်သွားတယ်။ ကလေးဘဝကတည်းက သူ့ဆီကနေ တစ်ခုခု လိုချင်လာပြီဆိုရင် ဗစ်တိုးရီးယားက သူ့ကို အိုလေလို့ ခေါ်နေကြလေ။”အဆင်ပြေပါတယ်။ လီနာ အိပ်နေတယ်။ နင်တို့ လာရင်းကိစ္စကို ငါ သိပါတယ်”အိုလီဗီယာက ဒီလိုပြောချလိုက်တော့ မာဂရက်နဲ့ ဗစ်တိုးရီးယား တွန့်သွားကြတယ်။ ပုံမှန်အတိုင်းဆို အိုလီဗီယာက စကားကို ချိုချိုသာသာ အေးအေးဆေးဆေး ပြောတတ်တဲ့သူ။

” နင် ဘာ . . .ဘာတွေ ပြောနေတာလဲ”
” အိမ်နဲ့ အမွေ လိုချင်လို့ နင်တို့ ရောက်လာတာ ငါ သိပါတယ်”
မာဂရက်တို့ သားအမိနှစ်ယောက်ကတော့ ခိုးရာပါပစ္စည်းနဲ့တကွ ဖမ်းခံရတဲ့ သူခိုးတွေလို မျက်နှာ တော်တော်ပျက်သွားတယ်။

” အမေ သမီးကို ပြောချင်တဲ့ကိစ္စတွေထဲမှာ အဲဒါလည်း ပါတယ်လေ” မာဂရက်က အိန္ဒြေဆည်ပြီး ပြောနေရပေမဲ့ အိုလီဗီယာကတော့ သူ့စကားကို နားထောင်ချင်စိတ် မရှိဘူး။ ” ကျွန်မ ဆုံးဖြတ်ထားပြီးသားပါ” ” ဟုတ်လား” မာဂရက်ဟာ ဒေါသကြောင့် ပိုက်ဆံအိတ်ကို ခပ်တင်းတင်းကိုင်ထားတယ်။ ” ကျွန်မ ဘယ်တုန်းကမှ ပိုက်ဆံမမက်ခဲ့ဘူး”လို့ အိုလီဗီယာက ပြောလိုက်တော့ ဗစ်တိုးရီးယားရဲ့မျက်လုံးတွေဟာ လောဘကြောင့် အရောင်လက်လာတယ်။ ” ငါ ထင်ထားတဲ့အတိုင်း ဖြစ်လာတော့မလား”‌ လို့ တွေးပြီး ပီတိဖြစ်သွားလို့ မျက်နှာမှာ အပြုံးတစ်ချက် သန်းသွားပေမဲ့ ချက်ချင်းပဲ အိ‌န္ဒြေ ပြန်ဆည်လိုက်တယ်။

” အဟုတ်ပဲ။ ဒီအိမ်ဟောင်းကြီးကိုရော၊ အဘွား စုဆောင်းထားတဲ့ပိုက်ဆံတွေကိုရော ဘယ်တုန်းကမှ ငါ စိတ်မဝင်စားခဲ့ဘူး။ နင်တို့ပဲ စိတ်ဝင်စားကြတာ။ အမေတို့ သားအမိ နှစ်ယောက်လုံး ဒီအိမ်ကြီးကို သဘောကျနေတာမလား။ ဟိုးအရင်ကတည်းက ဒီအိမ်ကြီးကို သိမ်းချင်နေကြတာ။ ဒါပေမဲ့ ဒီအိမ်ကြီးကို သိမ်းလိုက်ရင် အဘွားဝေယျာဝစ္စပါ တာဝန်ယူရမှာစိုးလို့ မသိမ်းကြတာလေ”အိုလီဗီယာက ခန်းမတစ်ဖက်ကို ဖြတ်လျှောက်သွားတယ်။ သူက စိတ်ထဲရှိရာတွေကို တစ်လုံးတစ်ပါဒမကျန်အောင် ပြောနေမိတယ်။

” ငါ့အတွက်တော့ ဒီအိမ်ကြီးကို မြင်ရတိုင်း ဝမ်းနည်းတယ်။ ဘာလို့လဲသိလား။ ပြီးခဲ့တဲ့လပိုင်းတွေမှာ အဘွားနဲ့အတူ ငါတို့ ၄ ယောက်ဆုံပြီး ဓာတ်ပုံရိုက်ချင်ခဲ့တာ။ ဥယျာဉ်ထဲမှာ မနက်စာ စားမယ်၊ အတိတ်အကြောင်းတွေ ပြောကြမယ်။ အဘွားကို ပျော်အောင် ထားမယ်။ မဖြစ်နိုင်မှန်း သိပေမဲ့ ကျွန်မ စိတ်ကူးယဉ်နေမိတယ်။ အဘွားက သူ ဆုံးတော့မယ့်နေ့မှာ အမေတို့ကို စကားပြောချင်နေခဲ့တာ”

မစ္စဂျိန်းစ်က သူ့သမီး မာဂရက်နဲ့ သူ့မြေး ဗစ်တိုးရီးယားတို့ကို စကားပြောချင်နေတာ အမှန်ပါပဲ။ အဲဒီနေ့က သူတို့ဆီ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့ပေမဲ့ သူတို့ ဖုန်းမကိုင်ခဲ့ကြဘူးလေ။ ညပိုင်းရောက်တော့ မစ္စဂျိန်းစ်က အိပ်ယာထဲမှာ အသက်ကို ဖြည်းဖြည်းလေးလေး ရှူနေရပြီ။ သူ့မြေးလေး အိုလီဗီယာသာ သူ့အတွက် တစ်ဦးတည်းသော အားထားရာပါပဲ။ ” အိုလီဗီယာသာ မရှိရင် ငါ ဒီလောက် အသက်ရှည်မှာ မဟုတ်ဘူး။ လူအိုရုံမှာ အပစ်ပယ်ခံလူတစ်ယောက်ဘဝနဲ့ နေသွားရမှာ”လို့ မစ္စဂျိန်းစ်က တွေးနေမိတယ်။ သူ့သမီးအရင်းက သူ့ကို လူအိုရုံပို့ဖို့ အတင်းကြိုးစားခဲ့တဲ့နေ့ကို သူ ဘယ်တော့မှ မမေ့။

” အမေ သမီးတို့ဆီက ဘာတွေ မျှော်လင့်နေတာလဲ။ ဗစ်တိုးရီးယားနဲ့ သမီးလည်း ကိုယ့်ဘဝနဲ့ကိုယ် နေပါရစေ။ အမေ သမီးနဲ့တော့ နေလို့မရဘူးနော်။ နေ့တိုင်း သမီးဆီ လာလည်တဲ့ ဧည့်သည်တွေကလည်း များလွန်းပါဘိနဲ့။ အမေ့ကြောင့်တော့ သမီးရဲ့ လူမှုဘဝ အထိခိုက်မခံနိုင်ဘူး။ ဗစ်တိုးရီးယားကလည်း အမေ့ကို ခေါ်ထားမယ်လို့ ထင်မနေနဲ့။ သူလည်း ငယ်ငယ်ရွယ်ရွယ်ပဲ ရှိသေးတာ။ ချစ်သူလည်း ရနေပြီ။ သူ့ချစ်သူက အချိန်မရွေး သူနဲ့ လာနေနိုင်တယ်။ အမေသာ ရှိနေရင် သူတို့တွေ ဘယ်လောက်အထိ ကသောင်းကနင်း ဖြစ်သွားမလဲ”

” ပြီးတော့ ဒီအိမ်အိုကြီးမှာလည်း အမေ့ကို တစ်ယောက်တည်း မနေစေချင်ဘူး။ သိပ်မကြာခင် အမေ့ရဲ့ ဝေယျာဝစ္စ လုပ်ဖို့ လူတစ်ယောက် လိုလာမှာပဲ။ ဒီခေတ်ကြီးမှာ သူနာပြုတစ်ယောက် ငှားရတဲ့စရိတ် ဘယ်လောက်ရှိလဲဆိုတာရော အမေ သိရဲ့လား။ ဒီတော့ အမေ လူအိုရုံမှာသာ သွားနေလိုက်။ ဒီအိမ်ကြီးကို ရောင်းလိုက်၊ ငွေအများကြီး မရဘူးဆိုပေမဲ့ အကျိုးရှိတဲ့နေရာတွေမှာ သုံးလို့ ရတယ်လေ။

” အိုလီဗီယာကို လေပြေသွေးပြီး ပြန်ခေါ်ဖို့လည်း စဉ်းစားမနေနဲ့။ သူကလည်း တနယ်တကြေး ရောက်နေတာ။ သူတောင် သူတို့သားအမိနှစ်ယောက် စားဖို့၊ သောက်ဖို့ မနည်းရုန်းကန်နေရတာ။ အမေ့ဆေးဖိုးပေးနိုင်ဖို့တော့ ဝေလာဝေး။ သူလည်း ပြန်လာနိုင်မှာ မဟုတ်ဘူး”အဲဒီအချိန်မှာပဲ မာဂရက်ရဲ့ ဖုန်းက ထမြည်လာတယ်။ မယုံနိုင်ဖွယ် တိုက်ဆိုင်မှုပါပဲ။ အိုလီဗီယာ ဖုန်းဆက်တာပါ။

အိုလီဗီယာက ရာထူးတိုးပြီး သူတို့မြို့ကို ပြန်ပြောင်းလာတော့မယ်လို့ ပြောလိုက်တော့ မာဂရက်မှာ ပါးစပ်အဟောင်းသား။ ဒီထက် ပိုအံ့သြဖို့ကောင်းတာရှိသေးတယ်။ အိုလီဗီယာက သူ့အဘွားနဲ့ သွားနေမယ်ဆိုတဲ့ စကားပဲ။

အိုလီဗီယာ ပြန်ရောက်လာတဲ့နေ့ကစလို့ မစ္စဂျိန်းစ်ရဲ့ အိမ်အိုကြီး ပြန်အသက်ဝင်လာတယ်။ အိုလီဗီယာကတော့ အရင်ထက် ပိုပင်ပန်းတာပေါ့။ ကားဝယ်ဖို့၊ သမီးလေးကို ဒစ္စနေးလန်း လိုက်ပို့ဖို့ ရည်မှန်းချက်တွေကလည်း အဘွားဖြစ်သူရဲ့ ဆေးဖိုးကြောင့် ပိုဝေးသွားတယ်။ ဒါပေမဲ့ သူ ပျော်ပါတယ်။ သူ့အဘွားနဲ့ သူ့သမီးလေး အပင်တွေအကြောင်း ပြောနေကြတာ၊ ပဲလိပ်ပြာ အကြွေပန်းလေးတွေ ကောက်နေတာ၊ ကျစ်ဆံမြီးတွေ အပြန်အလှန် ကျစ်ပေးနေကြတာတွေကြည့်ရင်း သူ ကြည်နူးရတယ်။ ” သမီးလေး လီနာက ကံကောင်းလိုက်တာ။ ငါလည်း ကံကောင်းပါတယ်”

သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး အခိုက်အတန့်တွေကို ကျော်ဖြတ်ဖို့ သူ့အဘွား အားပေးနှစ်သိမ့်ခဲ့ပုံတွေကို အိုလီဗီယာက ပြန်သတိရနေမိတယ်။ သမီးလေး လီနာ မွေးပြီး သိပ်မကြာခင်မှာပဲ သူ့ယောကျာ်းက တခြားမိန်းမတစ်ယောက်နဲ့ ဖောက်ပြန်နေတာ သိလိုက်ရချိန်ပေါ့။ သူ ယုံကြည်ခဲ့တဲ့ခင်ပွန်းက သူ့အပေါ် သစ္စာဖောက်တာ သိလိုက်တော့ သူ့မှာ ယူကျုံးမရ။ သမီးလေး လီနာရဲ့မျက်နှာထောက်ပြီး သူ့ဒေါသကို မျိုသိပ်ရင်း ခင်ပွန်းနဲ့ ပြန်ပေါင်းထုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တမနက်ခင်းမှာတော့ သူ့ခင်ပွန်းက နှုတ်ဆက်ဖော်တောင် မရဘဲ အိမ်က ထွက်သွားခဲ့တာ ပြန်မလာတော့ဘူး။

၃ ပတ်အရွယ်ပဲ ရှိသေးတဲ့ လီနာကို ပြုစုစောင့်ရှောက်ရင်း အိုလီဗီယာတစ်ယောက် စိတ်ဓာတ်တွေ အရမ်းကျနေခဲ့တယ်။ ဒီလိုအချိန်မှာ သူ့အမေ့ပေါင်ကို မျက်နှာအပ် ငိုကြွေးရင်း အားပေးနှစ်သိမ့်ခံချင်တာ အိုလီဗီယာရဲ့ဆန္ဒ။ အိုလီဗီယာရဲ့ နာကျင်မှုတွေကို ဥပေက္ခာပြုပြီး သူ မှန်ကြောင်း သက်သေပြခဲ့တာက မာဂရက်ရဲ့ အတ္တ။

” အဲဒီလိုကောင်မျိုးကို မယူပါနဲ့လို့ ငါပြောသားပဲ။ နင်သာ အမေစကား နားထောင်ခဲ့ရင် လူချမ်းသာတစ်ယောက်ယောက်တော့ ရမှာ။ တကယ်လို့ အိမ်ထောင်ကွဲ သွားပါစေဦး၊ ပိုင်ဆိုင်မှုတစ်ဝက်တော့ ရဦးမှာလေ။ ဒါပေမဲ့ နင် နားမထောင်ခဲ့ဘူးမလား။ ဘာမှသုံးစားမရတဲ့ အနုပညာသမားကိုမှ သွားချစ်မိတာ နင်က အရူးပဲ။ နောက်တစ်ခါ အမေစကားကို မပယ်ရှားခင် ၂ ခါပြန် စဉ်းစား”

မာဂရက်ရဲ့စကားတွေက ရေနစ်သူ ဝါးကူထိုးသလို ဖြစ်စေခဲ့။ အဲဒီနောက် အိုလီဗီယာနား ရောက်လာသူက သူ့အဘွား မစ္စဂျိန်းစ်။ ” သမီးအမေ ပြောတာတွေကို ခံစားမနေပါနဲ့ ပဲလိပ်ပြာပန်းလေးရယ်။ သူက သမီးကို အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကြံပေးနိုင်လောက်တဲ့သူမျိုး မဟုတ်ပါဘူး။ သမီးအရွယ်တုန်းကဆို မာဂရက်က သမီးထက် ၂ ဆ ပိုခေါင်းမာတယ်။ သူ လုပ်ခဲ့တဲ့အမှားတွေကိုသာ ပြောလိုက်ရရင် သမီးကိုယ်သမီး သူတော်စင်လို့တောင် ထင်သွားဦးမယ်။ အခု သမီးပေါင်ပေါ်မှာ ပျော်ရွှင်နေတဲ့ ကလေးပေါက်စလေးကို ကြည့်လိုက်ပါဦး။ သမီးရဲ့ ရွေးချယ်မှုတွေကို တကယ်ရော နောင်တရရဲ့လား”
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ လီနာလေး တလှည့်၊ သူ့ကို ကျောသပ်လို့ ချော့မော့နေတဲ့ အဘွားဖြစ်သူတလှည့် အိုလီဗီယာ ကြည့်နေမိတယ်။

ဒါကြောင့်လည်း အလုပ်သစ်ရလို့ အဘွားကိုထားပြီး မြို့ကနေ ထွက်သွားရတော့မယ့်အချိန်တုန်းက အိုလီဗီယာ သိပ်ဝမ်းနည်းမိခဲ့တာပေါ့။ အခုတော့ အဘွားဘေး ပြန်နေရမယ့် အခွင့်အရေးကို သူ ရခဲ့ပါပြီ။ မာဂရက်က မစ္စဂျိန်းစ်ကို အိမ်ပြန်ပို့ပေးပြီးတာနဲ့ တန်းပြန်သွားတယ်။ မာဂရက်နဲ့ ဗစ်တိုးရီးယားက အဘွား သက်ရှိထင်ရှား ရှိနေချိန်မှာ ၂ ခေါက်ပဲ လာဖူးတယ်။ တစ်ခေါက်ကတော့ အဘွား မဆုံးခင် သီတင်းပတ် အနည်းငယ်အလိုမှာ ရောက်လာခဲ့ကြတာ။

” စုန်းမကြီး ဘာလုပ်နေလဲ”။ အိမ်ထဲ ရောက်ရောက်ခင်း မာဂရက် မေးလိုက်တဲ့ စကားကြောင့် အိုလီဗီယာ ဆွံ့အသွားတယ်။ ကိုယ့်အမေကိုယ် ဒီလိုအသုံးအနှုန်းမျိုး ဘာကြောင့် သုံးရက်တာလဲ။
”အဘွား နေကောင်းပါတယ်။ စကားတိုးတိုးပြောပါ။ သူ အထဲမှာ အိပ်နေတယ်”
”နင်က ကရုဏာရှင်မကြီးဘဝနဲ့ ပျော်ရွှင်နေတာလား။ ငါတို့ကို အထက်စီးက ဆက်ဆံနိုင်ဖို့ သေလုမျောပါး အလုပ်တွေ လုပ်နေရတာကို ကျေနပ်နေတယ်ပေါ့လေ” ဗစ်တိုးရီးယားရဲ့ ခနဲ့တဲ့စကား။

” ငါ့စကားကို နားဝင်စမ်းပါဟယ်။ နင့်ရဲ့ သုံးစားမရတဲ့ယောကျားနဲ့ပတ်သက်ပြီး ငါ မှန်ခဲ့တာပဲလေ။ ဒီကိစ္စလည်း ငါ မှန်အောင် လုပ်ပေးမယ်။ စုန်းမကြီးက နင့်ကို မွဲပြာကျအောင် လုပ်နေတာ။ သူ့အဝတ်အစားတွေကို ထုပ်ပိုးပြီး ငါ ပြောတဲ့ လူအိုရုံကို ဖုန်းဆက်လိုက်။ နင်တောင် သွားပို့စရာမလိုဘူး။ သူတို့ဘာသာ လာခေါ်သွားလိမ့်မယ်” မာဂရက်က ဒီလို ပြောလိုက်တော့ အိုလီဗီယာ ဆက်သည်းမခံနိုင်တော့ဘူး။

” အမေ့ကို ကျွန်မ ပြောစရာ ၂ ခုရှိတယ်။ ပထမတစ်ခုက အဘွားကို စုန်းမကြီးလို့ မခေါ်ပါနဲ့။ နောက်တစ်ခုက ကျွန်မ မှတ်ထားတဲ့ လူအိုရုံ ဖုန်းနံပါတ်တွေ အများကြီးရှိတယ်။ အဘွားကို ပို့ဖို့တော့ မဟုတ်ဘူး။ သိပ်မကြာခင် အလှည့်ကျလာတော့မယ့် လူတစ်ယောက်အတွက်”
အိုလီဗီယာ ဒီလို ပြောချလိုက်တော့ မာဂရက်တို့ သားအမိနှစ်ယောက် အိမ်ထဲကနေ ဆောင့်ကြီးအောင့်ကြီးနဲ့ ထွက်သွားကြတယ်။ သူတို့က ကိုယ့်အမေ၊ ကိုယ့်အဘွားကိုတောင် နှုတ်ဆက်အနမ်းပေးဖော် မရကြဘူး။ ဒါဟာ သူတို့အတွက် နောက်ဆုံးအခွင့်အရေးဖြစ်ခဲ့ပေမဲ့ သူတို့ အဆုံးရှုံးခံခဲ့ကြတယ်လေ။

မာဂရက်တို့ သားအမိပြောတဲ့ စကားတွေကို အတိုင်းသား ကြားပြီး အိပ်ယာထဲမှာ အဘွား ငိုကြွေးနေခဲ့တာကို အိုလီဗီယာ မသိခဲ့ပါဘူး။ မစ္စဂျိန်းစ်ကတော့ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချလိုက်ပါပြီ။ နောက်နေ့မှာပဲ အိုလီဗီယာ အလုပ်သွားနေတုန်း မစ္စဂျိန်းစ်က သူ့ရှေ့နေကို ခေါ်လိုက်တယ်။ သေတမ်းစာကို ရေးပြီး မစ္စဂျိန်းစ်က လက်မှတ်တစ်ခါတည်း ထိုးလိုက်တယ်။

တစ်ပတ်အကြာမှာတော့ မစ္စဂျိန်းစ်ရဲ့ နောက်ဆုံးနေ့ ရောက်လာခဲ့တယ်။ အဲဒီနေ့မှာ မစ္စဂိန်းစ်က အိမ်မှာ ချက်တဲ့ စားသောက်ဖွယ်ရာတွေကို စားတယ်။ မြစ်ကလေး လီနာကို ပုံပြင်တစ်ပတ် ဖတ်ပြတယ်။ အိုလီဗီယာကို ကျစ်ဆံမြီး ကျစ်ပေးတယ်။ ဒါတွေအားလုံးရဲ့ သူ့ရဲ့နောက်ဆုံးအကြိမ်ပါပဲ။ အိုလီဗီယာက အဘွား မစ္စဂျိန်းစ်ရဲ့ တုန်ယင်နေတဲ့လက်ကလေးကို ကိုင်ထားတယ်။ မစ္စဂိန်းစ်က အိုလီဗီယာရဲ့ ဆံနွယ်ထက်မှာ ပဲလိပ်ပြာပန်းလေး ပန်ပေးပြီး ” အဘွားကို သတိရနေနော်။ ကိုယ်ဘယ်သူ ဆိုတာကိုလည်း မမေ့စေနဲ့။ သမီးက နတ်သမီးလေးပါကွယ်။ အဘွားက နွံထဲမှာ ကြွေကျနေတဲ့ ပဲလိပ်ပြာပန်းလေးပါ။ သမီးက အဲဒီပန်းလေးကို သမီးခေါင်းမှာ ပန်ဆင်ခဲ့သူပါ” လို့ ဖြည်းဖြည်းချင်း ပြောနေတယ်။ အဲဒီညမှာပဲ မစ္စဂျိန်းစ် ကွယ်လွန်ခဲ့တယ်။

နောက်နေ့မှာ အိုလီဗီယာက အဘွားရဲ့ပစ္စည်းအဟောင်းတွေကို သိမ်းဆည်းရင်း အံဆွဲထဲက စာအိတ်တစ်လုံးကို တွေ့သွားတယ်။ ” အဘွားရဲ့ ပဲလိပ်ပြာပန်းလေးအတွက်”လို့ ရေးထားတယ်။ သူ စာအိတ်ကို ဖွင့်လိုက်တော့ စာတစ်စောင်နဲ့ ရှေ့နေရဲ့လိပ်စာကတ် ထွက်လာတယ်။ စာရွက်လေးကို ဖြန့်လိုက်တော့ အဘွားရဲ့ရေမွေးနံသင်းသင်းလေး ရတယ်။

” အဘွားရဲ့အချစ်ဆုံး ပဲလိပ်ပြာပန်းလေးရေ
အဘွား ပိုင်ဆိုင်သမျှ သမီးအတွက် ချန်ထားခဲ့တယ်။ နှလုံးသားထဲက အချစ်တွေအားလုံး၊ ဘဝတစ်သက်စာ ထွေးပွေ့မှုနဲ့ ကောင်းချီးတွေကလည်း သမီးနဲ့ လီနာလေးအတွက်ပါပဲ။ အမှတ်တရ သိန်းချီရောပေါ့။ ဒီအိမ်ကြီးနဲ့ အဘွားစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုလည်း သမီးအတွက် ပေးခဲ့ပါတယ်။ သမီးက ဒီပစ္စည်းတွေကို မလိုချင်မှန်း အဘွား သိပါတယ်။ ဒါပေမဲ့ လီနာအတွက် အဘွားရဲ့လက်ဆောင်လို့ သဘောထားပြီး လက်ခံပေးပါ။ လီနာက ဒီကမ္ဘာကြီးနဲ့ ထိုက်တန်သူပါ။ ရှေ့လာမယ့်နှစ်ပေါင်းများစွာအထိ ဒီအိမ်ကြီးမှာ သမီးတို့ သားအမိရဲ့ရယ်သံတွေနဲ့ ပျံ့လွင့်နေပါစေ။

အမြဲတမ်းချစ်နေမယ့် အဘွား”
ဒီစာကို ဖတ်လိုက်ရချိန်မှာတော့ မာဂရက်နဲ့ ဗစ်တိုးရီးယား သားအမိဟာ ကျောက်ရုပ်တွေလို မလှုပ်မယှက်။ သူတို့အကြောင်း ထည့်တောင် မရေးထားဘူး။
အိုလီဗီယာကတော့ စကားတစ်ခွန်းကို ခပ်ပြတ်ပြတ်ပဲ ပြောချလိုက်ပါတယ်။
” ကျွန်မအတွက်တော့ အဘွားရဲ့အမွေကို မလိုချင်တာ အမှန်ပါပဲ။ ဒါပေမဲ့ လီနာအတွက်တော့ ဒါတွေကို ယူရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မက အမေ့လို မဟုတ်လို့ပါပဲ။ ကျွန်မကတော့ ကျွန်မသမီးလေးက ဒီကမ္ဘာကြီးနဲ့ ထိုက်တန်သူလို့ စွဲမြဲယုံကြည်ပါတယ်”

#နှလုံးသားအာဟာရစာစုများ

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top