ပေါ်လိုကွေယို ၁၇ နှစ်သားအရွယ်မှာ စိတ်ချို့ယွင်းနေတယ်ဆိုပြီး သူ့မိဘတွေက သူ့ကို စိတ်ကျန်းမာရေးဆေးရုံ ပို့လိုက်ကြတယ်။ စိတ်ကျန်းမာရေးဆေးရုံမှာ ၃ နှစ် နေခဲ့ရချိန်အတွင်း ၃ ကြိမ်တိုင်တိုင် ထွက်ပြေးခဲ့တယ်။ အသက် ၂၀ ကျတော့မှ ဆေးရုံက ပြန်ဆင်းခွင့် ရတယ်။
သူက စာရေးဆရာ ဖြစ်ချင်တယ်။ သူ့မိဘတွေက သူ့ကို ရှေ့နေ ဖြစ်စေချင်ကြတယ်။ ဒီတော့ သူ့အိပ်မက်တွေကို သိမ်းထုပ်ပြီး ရှေ့နေကျောင်း တက်ခဲ့ရတာပေါ့။ ဒါပေမဲ့ တစ်နှစ်အကြာမှာပဲ သူ ကျောင်းထွက်ပစ်လိုက်တယ်။ ကျောင်းက သင်တဲ့စာတွေကို သူမှ စိတ်မဝင်စားတာ။ ပေါ်လိုက ဟစ်ပီဘဝနဲ့ ခြေဦးတည့်ရာ လျှောက်သွားတယ်။ တောင်အမေရိက၊ မြောက်အာဖရိက၊ မက္ကဆီကိုနဲ့ ဥရောပအနှံ့ပါပဲ။ အဲဒီအချိန်မှာ သူ မူးယစ်ဆေးဝါး သုံးတတ်နေပြီ။
နောက်တော့ ဘရာဇီးကို ပြန်လာပြီး သီချင်းတွေ ရေးတယ်။ သူ့သီချင်းစာသားတွေက လက်ဝဲယိမ်းတယ်ဆိုပြီး စစ်အစိုးရရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသေးတယ်။ The Alchemist စာအုပ်ကို သူ ထုတ်တော့ ရက်တော်တော်ကြာမှ တစ်အုပ်ပဲ ရောင်းရတယ်။ အဲ့တော့ စာအုပ်ဆိုင်ကတောင် သူ့ကို စာအုပ်တွေ လာပြန်သိမ်းခိုင်းတယ်။ နောက် ၆ လနေတော့ နောက်တစ်အုပ် ထပ်ရောင်းရတယ်။ ပထမဆုံး စာအုပ် လာဝယ်တဲ့သူပဲ ထပ်ဝယ်သွားတာပါ။
တစ်နှစ်နေတော့ ထုတ်ဝေသူက ပေါ်လိုကို စာချုပ်ဖျက်သိမ်းလိုက်တယ်။ ဒီတော့ ထုတ်ဝေသူအသစ် လိုက်ရှာရတာပေါ့။ ထုတ်ဝေသူ တော်တော်များများက သူ့ကို ငြင်းလွှတ်ကြတယ်။ နောက်ဆုံးတော့ သူ့ကို လက်ခံတဲ့ ထုတ်ဝေသူတစ်ယောက် တွေ့တယ်။ Brda ဆိုတဲ့ ဒုတိယမြောက်စာအုပ်ကို ရေးတယ်။
၁၉၉၄ ခုနှစ်မှာတော့ နာမည်ကျော် စာအုပ်တိုက်ကြီးဖြစ်တဲ့ HarperCollins စာအုပ်တိုက်က The Alchemist စာအုပ်ကို ပြန်ထုတ်လိုက်တာ သောက်သောက်လဲ ရောင်းရတဲ့ နိုင်ငံတကာ ရောင်းအားအကောင်းဆုံး စာအုပ် ဖြစ်လာခဲ့တာပါ။ အုပ်ရေ သန်း ၁၅၀ ကျော် ရောင်းခဲ့ရတယ်။ နိုင်ငံတကာမှာ ဆုပေါင်း ၁၁၅ ဆု ရတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီး ဇွဲမလျှော့ခဲ့တဲ့ ရလဒ်ပါပဲ။
Ref: Paulo Coelho
NZ (ရိုးရာလေး)