ကြက်သွန် တစ်ပိဿာ မြန်မာငွေ ၂၃၀ လောက်အထိ ကျဆင်းနေလို့ အိန္ဒိယကြက်သွန်စိုက် တောင်သူတွေ ချီတက်ဆန္ဒပြ

15.3.2023-yyl-iamge-2.jpg

အိန္ဒိယမှာ ကြက်သွန် တစ်ပိဿာ မြန်မာငွေ ၂၃၀ လောက်အထိ ဈေးထိုးကျသွားလို့ တောင်သူတွေ ဆန္ဒပြနေကြတယ်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ကနေ မွမ်ဘိုင်းမြို့အထိ ၁၂၄ မိုင်ခရီး လမ်းလျှောက်ချီတက် ဆန္ဒပြနေကြတာပါ။

အိန္ဒိယဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ကြက်သွန်အထွက်အများဆုံးပဲ။ နှစ်စဉ် တန်ချိန် ၂၄ သန်းလောက် ထွက်တယ်။ အဲဒီအထဲမှာ တစ်ဝက်လောက်က မဟာရက်ရှ်ထရာပြည်နယ်က ထွက်တာပါ။ အိန္ဒိယက ထွက်တဲ့ ကြက်သွန် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကြား ပြည်ပကို တင်ပို့တယ်။ အိန္ဒိယမှာ ကြက်သွန်ဈေးက အတက်၊ အကျ ကြမ်းတယ်။

ပစ္စည်းပြတ်ရင် ဈေးအဆမတန် တက်တယ်။ ပစ္စည်းပေါရင် ဈေး ထိုးကျတယ်။ မိုးတွင်း စိုက်တဲ့ကြက်သွန်က ဒီဇင်ဘာ၊ ဇန်နဝါရီဆို ထွက်ပြီ၊ မိုးကြက်သွန်က အထားမခံဘူး။ ဆောင်းတွင်း စိုက်တဲ့ ကြက်သွန်က မတ်လလယ်ဆို ထွက်ပြီ။ အထားခံတယ်။ မနှစ်တုန်းက ကြက်သွန်စိုက်ရမယ့် ဇူလိုင်၊ သြဂုတ်လတွေမှာ မိုးကြီးလို့ ကြက်သွန်စိုက်တာ နောက်ကျတယ်။ ဒီဇင်ဘာ- ဇန်နဝါရီကြား ဈေးကွက်ထဲ ကြက်သွန် အဝင်နည်းပြီး မတ်လမှ ကြက်သွန်တွေ အဝင်များနေတာပါ။ ဆောင်းတွင်း ကြက်သွန်ကလည်း မကြာခင် ဝင်တော့မှာဆိုတော့ ကြက်သွန်ဈေးက ထပ်ကျဖို့ များတယ်။

နုတ်ခနဲ့ ရောင်းရငွေ မကာမိလို့ တချို့တောင်သူတွေဆိုရင် ကြက်သွန်ခင်းတွေကို ဒီအတိုင်း ပစ်ထားကြတယ်။ တချို့ကလည်း ကြက်သွန်ခင်း မီးရှို့ပွဲ ဖိတ်ပါတယ်ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်ဆီ စာပို့ကြတယ်။ ကြက်သွန်ခင်းတွေ မီးရှို့နေကြတယ်။ တချို့ကတော့ ကြက်သွန်တွေ နုတ်ပြီး ဝန်ကြီးချုပ် မိုဒီဆီ ပို့ပေးကြတယ်။
အိန္ဒိယအစိုးရက ကြက်သွန်စိုက်တောင်သူတွေကို ငွေကြေးအကူအညီပေးမယ်လို့ ကြေညာခဲ့ပေမဲ့ သူတို့ကတော့ လက်မခံဘူး။ ဆန္ဒဆက်ပြနေဆဲပဲ။ လက္ကာဈေးကွက်မှာ ကြက်သွန်နီဈေး ထိုးကျပေမဲ့ လက်လီဈေးကတော့ မကျဘူး။ ဒီတော့ အခြေခံလူတန်းစားတွေ ဝယ်စားရတာတော့ မသက်သာဘူး။ ကုန်သည်၊ ပွဲစားတွေပဲ ကြားထဲက အမြတ်ထွက်နေတယ်လို့ ကြက်သွန်စိုက် တောင်သူတွေက ဆိုတယ်။

Ref: Maharashtra: The Indian onion crisis making farmers cry

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top