ကွန်ဖူးပညာသုံးပြီး သူ့ကျောကို တစ်ချက်ရိုက်ခဲ့တယ်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက်ထံကနေ နစ်နာကြေး ယွမ် ၄၀၀၀၀ တောင်းဆိုထားသူ

28.7.2024-yyl-1.png

ကွန်ဖူးပညာသုံးပြီး သူ့ကျောကုန်းကို တစ်ချက်ရိုက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံကနေ နစ်နာကြေး ယွမ် ၄၀၀၀၀ ရရှိလိုတယ်လို့ တရုတ်အမျိုးသမီးတစ်ဦးက တောင်းဆိုထားပါတယ်။ ကျန်းလို့ အမည်ရတဲ့ အမျိုးသမီးဟာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့မှာ နေထိုင်သူဖြစ်ပြီး ဘူတာရုံမှာ လုံခြုံရေးအစောင့်အကြပ်အဖြစ် အလုပ်လုပ်သူပါ။

ပြီးခဲ့တဲ့နှစ် နွေရာသီက နေ့လယ်ခင်း နားချိန်မှာ စားပွဲပေါ်မှောက်အိပ်နေတုန်း လုလို့ အမည်ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူ့ကျောကို ပုတ်ပြီး လာနှိုးခဲ့ပါတယ်။ လုက အားပြင်းပြင်းနဲ့ ပုတ်ခဲ့တာကြောင့် သူ့ကျောပြင်မှာ လက်ငါးချောင်းရာ ထင်သွားခဲ့ပြီး ဓာတ်လိုက်သလို ကျင်ခနဲ ခံစားလိုက်ရတဲ့အပြင် သူ့ရဲ့လက်နှစ်ဖက်နဲ့ ပခုံးက ထုံသွားတယ်လို့ ကျန်းက ဆိုပါတယ်။

ကျန်းက သူ နာကျင်သွားတဲ့အကြောင်း စောဒကတက်ချိန်မှာ လုက သူ့ကို ရဲစခန်းမှာ တိုင်ချက်မဖွင့်ဖို့ပြောပြီး ယွမ် ၃၀၀၀ ပေးခဲ့ပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်းမှာ ကျန်းက တစ်လကြာ အနားယူခဲ့ရပေမဲ့ သက်သာလာခြင်းမရှိလို့ ဆေးရုံသွားပြခဲ့ပါတယ်။ ကျောရိုးဆစ် ငေါထွက်နေတယ်လို့ ဆရာဝန်တွေက ဆိုခဲ့ပြီး ကျန်းကို အချိန်ကြာကြာ နားရဦးမယ်လို့ ညွှန်ကြားခဲ့ပါတယ်။ ကျန်းဟာ ကျောကို ရိုက်ခံရပြီးနောက်ပိုင်း တစ်နှစ်တိတိ အလုပ်မဆင်းနိုင်ခဲ့ပါဘူး။

လုက ကွန်ဖူးပညာကို ဝါသနာထုံသူဖြစ်ပြီး သံမဏိလက်ဝါး သိုင်းပညာနဲ့ သူ့ ကျောကို ရိုက်ခဲ့တာလို့ ကျန်းက ယုံကြည်နေပါတယ်။ အခုနှစ်အစောပိုင်းမှာတော့ ကျန်းက ဆေးကုသစရိတ်နဲ့ အလုပ်မလုပ်နိုင်လို့ ဝင်ငွေမရမှုတွေအတွက် လုထံကနေ နစ်နာကြေး ယွမ် ၄၀၀၀၀ ရရှိလိုကြောင်း တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လုက ကျန်းကို အဆက်သွယ်ဖြတ်ပြီး ရှောင်နေခဲ့ပါတယ်။ ဒါကြောင့် ကျန်းက မီဒီယာတွေကို ဖိတ်ခေါ်ပြီး ဒီသတင်း ပျံ့သွားအောင် လုပ်ဆောင်ခဲ့ပါတယ်။

ဒီသတင်း ပျံ့သွားချိန်မှာတော့ အများစုက ကျန်းရဲ့စွပ်စွဲမှုတွေကို ရယ်စရာလို့ သဘောထားခဲ့ကြပြီး တရုတ်လူမှုကွန်ရက်စာမျက်နှာ Weibo အသုံးပြုသူတစ်ဦးကတော့ ” ခင်ဗျားကိုယ်က တို့ဖူးနဲ့လုပ်ထားတာလား။ တစ်ချက်လေး ရိုက်လိုက်တာနဲ့ အစိတ်စိတ်အမြွှာမြွှာ ကျိုးသွားတယ်ဆိုတော့လေ”လို့ ဟာသလုပ်ခဲ့ပါတယ်။

Ref: Woman Claims Friendly Slap on the Back from Kung Fu-Savy Colleague Left Her Unable to Work for a Year
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top