ချို့ယွင်းချက်ရှိတဲ့ ကလေးတွေအတွက် တရုတ်သိပ္ပံပညာရှင်တွေ နားရွက်ဖန်တီးပေးခဲ့

grow-ears-1_1024.jpg

တရုတ်နိုင်ငံက သိပ္ပံပညာရှင်တွေဟာ 3D Printing နဲ့ ဆဲလ်မွေးမြူရေး နည်းပညာတွေ ပေါင်းစပ်ပြီး နားတစ်ဖက် ချို့ယွင်းနေတဲ့ ကလေးငယ် ၅ ယောက်အတွက် နားရွက်အသစ်တွေ ဖန်တီးပေးခဲ့ပါတယ်။ ဒီကလေးငယ်တွေဟာ နားရဲ့ပုံသဏ္ဍာန်နဲ့ အကြားအာရုံ ထိခိုက်စေတဲ့ နားတစ်ဖက်ချို့ယွင်းမှု (microtia) ခံစားနေရသူတွေပါ။

သိပ္ပံပညာရှင်တွေဟာ ကလေးငယ်တွေရဲ့ ချို့ယွင်းနေတဲ့ နားရွက် တစ်ဖက်ထဲကနေ chondrocytes ဆိုတဲ့ အရိုးနုဆဲလ်တွေယူပြီး နားရွက်ပုံသဏ္ဍာန် အရိုးနု ဖန်တီးခဲ့ကြတာပါ။ ကလေးငယ်တွေရဲ့ အကောင်းပကတိရှိနေတဲ့ နားရွက်တစ်ဖက်ချင်းစီကို 3D Printing နဲ့ ပုံစံထုတ်ထားတဲ့အတိုင်း အရိုးနု ဖန်တီးတာ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေဟာ CT scanning ၊ 3-D printing နည်းပညာတွေကို အသုံးပြုပြီး ဇီဝပြောင်းလဲမှုအရ ပျက်စီးနိုင်တဲ့ အရိုးနုပုံစံ ငြမ်းစင် တည်ဆောက်ခဲ့ကြပါတယ်။ ဒီလိုတည်ဆောက်ရာမှာ အကောင်းတိုင်းရှိနေတဲ့ နားရွက်ထဲက အရိုးတုပုံစံအတိုင်း ငြမ်းစင်တည်ဆောက်တာဖြစ်ပါတယ်။ ဒီနောက်မှာ ချို့ယွင်းနေတဲ့ နားထဲက အရိုးနုဆဲလ်ကိုယူပြီး ငြမ်းစင်လို ပုံသဏ္ဍာန်ဖြစ်လာအောင် (၃)လကြာ မွေးမြူပျိုးထောင်ရပါတယ်။ ငြမ်းစင်အတိုင်း အရိုးနုပုံစံခွက်ဖြစ်လာပြီဆိုတာနဲ့ လူနာတွေရဲ့ နားရွက်ကို အစားထိုးတည်ဆောက်မှု လုပ်ကြပါတယ်။ နားရွက် အစားထိုးမှု ပြုလုပ်ပြီးရင် နားရွက်အသစ် ကောင်းကောင်း အလုပ်လုပ်၊ မလုပ်ဆိုတာကို အချိန်ယူစောင့်ကြည့်ရပါတယ်။

နားရွက်အသစ် ဖန်တီးကုသပေးခဲ့သူ ၅ ယောက်ထဲမှာ ၄ ယောက်က အချိန် ၆ လကြာတာနဲ့ အရိုးနု ပုံသဏ္ဍာန် ထင်ထင်ရှားရှားဖြစ်ပေါ်လာပြီး ဒီအထဲမှာ ၃ ယောက်ကတော့ နားရွက်သစ်နဲ့ အကောင်းတိုင်းရှိနေတဲ့ နားရွက် ပုံသဏ္ဍာန်၊ အရွယ်အစား၊ တည်နေရာအားလုံး ထပ်တူဖြစ်ခဲ့တာကို သုတေသီတွေ လေ့လာတွေ့ရှိခဲ့ပါတယ်။ ပုံသဏ္ဍာန် ချို့ယွင်းမှုကနေ နားရွက်လုံးဝမပါတဲ့အဆင့်အထိ ဖြစ်စေနိုင်တဲ့ Microtia အခြေအနေဟာ မျိုးရိုးဇစ်မြစ်အပေါ် မူတည်ပြီး ကလေး ၅၀၀၀ မွေးဖွားရင် တစ်ယောက်မှာ ဒီလိုဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ စပိန်နိုင်ငံနဲ့ ဆက်နွယ်တဲ့ မျိုးနွယ်တွေ၊ အာရှသားတွေ၊ ဌာနေ အမေရိကန်တိုင်းရင်းသားတွေ၊ အင်ဒီးတောင်တန်းတစ်ဝိုက်မှာ နေထိုင်သူတွေက Microtia ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကလေးငယ်တစ်စုကို နားရွက်အသစ်တွေ ဖန်တီးပေးနိုင်ခဲ့ပေမယ့် ဆေးရုံတွေမှာ ကုသမှုလုပ်ပေးနိုင်တဲ့အဆင့်အထိရောက်ဖို့ အများကြီး ကြိုးစားရဦးမယ်လို့ သုတေသီတွေက ဆိုပါတယ်။

Ref: CNN: Scientists grow new ears for children with defect

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top