မကြာသေးခင်ရက်ပိုင်းတုန်းက ရန်ကုန်မြို့တွင်းမှာရှိနေတဲ့ နောက်ဖေးလမ်းကြား ပန်းဥယျာဉ်တချို့ ပြန်ပြီး ပျက်စီး ယိုယွင်းလာတဲ့အကြောင်းကို လူမှုကွန်ရက်ပေါ်ကတစ်ဆင့် တွေ့မိခဲ့ပါတယ်။
ဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာလည်း အမှိုက်မျိုးစုံ ဗရပွနဲ့ အလှဆင်ပစ္စည်းတွေလည်း ပျက်စီး ယိုယွင်းနေပြီဖြစ်တဲ့ နောက်ဖေးလမ်း ဥယျာဉ်တွေရဲ့ မြင်ကွင်းကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပါတယ်။ သာယာနေပျော်ဖွယ်ဖြစ်ဖို့ ဖန်တီးပေးမှုတစ်ခုကို တန်ဖိုးထား ထိန်းသိမ်းဖို့အသာထားလို့ အခုလို အခြေအနေဖြစ်သွားရအောင် အဆင်ခြင်မဲ့လုပ်ကြသူတွေကို အတော်လေးအံ့ဩမိပါတယ်။
“ကွမ်းတံတွေးမထွေးရ”၊ “အမှိုက်မပစ်ရ”၊ ” ဆေးလိပ်မသောက်ရ” ဆိုတဲ့ စာသားမျိုးတွေကို ကျွန်တော်တို့ နေရာတော်တော်များများမှာ တွေ့ဖူးကြမှာပါ။ ကြုံရာနေရာ အမှိုက်ပစ်မချဖို့၊ ကားပေါ်မှာ ဆေးလိပ်မသောက်ဖို့၊ လမ်းမပေါ် ကွမ်းတံတွေး မထွေးဖို့ ဆိုတာတွေက မပြောဘဲသိနေရမယ့် အခြေခံစည်းကမ်းတွေ ဖြစ်ပါတယ်။
သူသူငါငါ တွေးမိလေ့ရှိတတ်တဲ့ “ငါအမှိုက်လေး တစ်စချလိုက်တာနဲ့ပဲ တစ်နိုင်ငံလုံး မညစ်ပတ်သွားနိုင်ပါဘူး” ဆိုတဲ့ အဆင်ခြင်မဲ့ အတွေးမျိုးတော့ မတွေးသင့်ပါဘူး။ နေရာအနှံ့မှာ မြင်တွေ့နေရလေ့ရှိတဲ့ မသတီစရာ အမှိုက်သရိုက်တွေဟာ ဒီလိုအတွေးမျိုး ရှိသူတွေဆီကပဲ လာခဲ့တာ ဖြစ်ပါတယ်။
လမ်းသွားရင်း၊ ကားစီးရင်းနဲ့ လမ်းပေါ်ကို ဖြတ်ခနဲ အမှိုက်ပစ်ချ၊ ကွမ်းတံတွေး ထွေးချသွားသူတွေ၊ နောက်ဖေးလမ်းထဲ အမှိုက်အိတ် ပစ်ချတဲ့သူတွေကိုလည်း နေ့စဉ်နဲ့အမျှ စိတ်မသက်သာဖွယ် တွေ့နေရဆဲပါ။
အမှိုက်ဆိုတာဟာ အသုံးမလိုတော့လို့ စွန့်ပစ်လိုက်တဲ့ပစ္စည်းတွေဖြစ်ပြီး လူဦးရေ များရင်များသလောက် အမှိုက်လည်း များလာတတ်ပါတယ်။ များပြားလာတဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်ဖို့လိုပြီး စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ရင် ကိုယ့်ပတ်ဝန်းကျင်ပဲ ညစ်ညမ်း ပျက်စီးရတာပါ။
အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တဲ့နေရာမှာလည်း လူကသာ ပဓာနဖြစ်ပါတယ်။ စီမံခန့်ခွဲမှုနဲ့ စနစ်တွေ ဘယ်လောက်ပဲ အဆင့်မြင့် ကောင်းမွန်နေတယ်ဆိုဆို လူတွေရဲ့ စည်းကမ်းလိုက်နာမှုနဲ့ အသိစိတ်ဓာတ်ရှိမှု အားနည်းနေသမျှ ဘယ်လိုမှ သန့်ရှင်း သပ်ရပ်လာနိုင်မှာ ဟုတ်ပါဘူး။
လူတွေ စည်းကမ်းမဲ့ရခြင်းရဲ့ အခြေခံအကြောင်းရင်း နှစ်ချက် ရှိတယ်လို့ ဆရာကြီး ဒဂုန်တာရာက သူ့ရဲ့ ခရီးသွားဆောင်းပါး တစ်ခုမှာ ရေးခဲ့ဖူးပြီး ပထမအကြောင်းရင်းက ဆင်းရဲနွမ်းပါးတာကြောင့်၊ ဒုတိယ အကြောင်းရင်းကတော့ အသိပညာ နွမ်းပါးတာကြောင့်လို့ သူ့အမြင်ကို ဖော်ပြထားပါတယ်။
ဆင်းရဲနွမ်းပါးတဲ့အခါ စားဝတ်နေရေးအတွက်ပဲ ဦးစားပေး တွေးတောကြတာကြောင့် စည်းမျဉ်း စည်းကမ်းဆိုတာကို ထည့်တွက်လိုက်နာဖို့ အလှမ်းဝေးသွားပြီး အသိပညာ နွမ်းပါးတဲ့အခါမှာတော့ လုပ်သင့်၊ မလုပ်သင့်ကို မဆင်ခြင်၊ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးအပြစ်ကို မတွက်ဆတာကြောင့် စည်းမျဉ်းတွေကို သိမြင်နေလျက်နဲ့ မလိုက်နာတာ ဖြစ်ပါတယ်။ ပထမအကြောင်းရင်းကြောင့် စည်းကမ်းမဲ့မှုကို နားလည်ပေးလို့ ရကောင်းရနိုင်ပေမဲ့ ဒုတိယအကြောင်းရင်းကြောင့် စည်းကမ်းမဲ့မှုကို လက်ခံ နားလည်ပေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
သာယာဖွံ့ဖြိုးတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ဖို့ တစ်ဦးချင်း၊ တစ်ယောက်ချင်းစီက အသိရှိ၊ စည်းကမ်းရှိသင့်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ အခြေခံအကျဆုံးဖြစ်တဲ့ အမှိုက်ပစ်ခြင်းလို အလေ့အထကစလို့ ပြုပြင် ပြောင်းလဲကြရမှာပါ။ ဒီနေရာမှာ “နှမ်းတစ်စေ့တည်းနဲ့ ဆီမဖြစ်နိုင်ပါဘူး” လို့ တွေးကောင်းတွေးမိနိုင်ပေမဲ့လည်း ဆီဖြစ်နိုင်တဲ့ နှမ်းစေ့လေးတွေ စုပေါင်းလိုက်ရင် သေချာပေါက် ဆီဖြစ်လာမယ် ဆိုတာကိုတော့ ထည့်စဉ်းစားဖို့ လိုပါတယ်။
ခေတ်မီ တိုးတက် ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် ဖန်တီးတည်ဆောက်ရာမှာလည်း နိုင်ငံသား တစ်ဦး တစ်ယောက်ချင်းစီရဲ့ တတ်သိနားလည်မှု ဉာဏ်ပညာစွမ်းတွေအပြင် စည်းကမ်းစနစ် ကျနမှုဟာ အရေးပါတဲ့ အချက်ဖြစ်နေတာကြောင့် နိုင်ငံသားတိုင်းအနေနဲ့ စည်းကမ်းတကျ အမှိုက် စွန့်ပစ် သိမ်းဆည်းခြင်းလို အခြေခံ အလေ့အထမျိုးက အစပြုပြီး အလေ့အထကောင်းများစွာ ရရှိစွဲမြဲလာအောင် အလေးထား ကျင့်ကြံသင့်ပါကြောင်း ရိုးရာလေးက အကြံပြု တိုက်တွန်းအပ်ပါတယ်။
Team (ရိုးရာလေး)