ရေထဲမှ ပလတ်စတစ်အမှုန်အမွှား ၉၅.၅ % ကျော်အထိ ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ ရေစစ် စနစ်သစ်တစ်မျိုးကို အမေရိကန်ကျောင်းသူတစ်ဦးက တီထွင်ခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် အမေရိကန်ကျောင်းသူ မီယာဟယ်လာဟာ သူမ နေထိုင်ရာ ဗာဂျီးနီးယားပြည်နယ်၊ ဝါရင်တန်မြို့မှ ရေထုညစ်ညမ်းမှုသတင်းတွေ ဖတ်မိရင်း အဲဒီလို တီထွင်ဖို့ အကြံရခဲ့တာပါ။
သူ တီထွင်ခဲ့တဲ့ ရေစစ်စနစ်ဟာ Ferrofluid ဆိုတဲ့ သံလိုက်ဓာတ်ပါ ဆီတစ်မျိုးကို အသုံးပြုထားတာပါ။ ရေစီးကြောင်းထဲမှာ Ferrofluid ဆီ ထည့်သွင်းလိုက်တဲ့အခါ ရေထဲမှာပါလာတဲ့ပလတ်စတစ်အမှုန်အမွှားတွေက ဆီနဲ့ကပ်သွားမှာ ဖြစ်ပါတယ်။ Ferrofluid ဆီနဲ့ ကပ်နေတဲ့ ပလတ်စတစ်အမှုန်အမွှားတွေကို သံလိုက်အား အသုံးပြုပြီး ရေထဲကနေ ဆွဲထုတ်ဖယ်ရှားပစ်လိုက်တာပါ။
ဇကာတွေကို အသုံးပြုထားခြင်း မရှိတာကြောင့် ပိတ်ဆို့မှုဖြစ်မှာကို ပူပန်စရာမလိုသလို ရေစစ်ဇကာတွေ မကြာခဏ လဲလှယ်စရာ မလိုတာကြောင့်လည်း ရေရှည်မှာ ကုန်ကျစရိတ် သက်သာတဲ့နည်းလမ်းပါ။ Ferrofluid ဆီ ၈၇ ရာခိုင်နှုန်းလောက်ကိုလည်း ပြန်လည်အသုံးပြုနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။
မီယာဟယ်လာရဲ့တီထွင်မှုဟာ ၂၀၂၅ ခုနှစ် Regeneron International Science and Engineering Fair မှာ နောက်ဆုံးအဆင့်အထိ တက်လှမ်းနိုင်ခဲ့ပြီး အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်အမှတ်တံဆိပ်ရုံး (USPTO) က ပေးအပ်တဲ့ အထူးဆုကိုလည်း ရရှိခဲ့ပါတယ်။
Ref: Mia Heller, Home water filter
NZ (ရိုးရာလေး)

