သူရဲကောင်းမျှော်ဝါဒနဲ့ စည်းကမ်းလိုက်နာမှု

zteditorial111119.jpg

”စည်းနဲ့ကမ်းနဲ့ ရှိမှသာလျှင် လွတ်လပ်ရေးဆိုတာ ဖြစ်နိုင်တယ်။ လွတ်လပ်ရေးအရသာကို စံစားခံစားချင်တယ်ဆိုရင် အလုပ်လုပ်ကြဖို့၊ စည်း ကမ်းရှိကြဖို့၊ ယခုကတည်းက ခင်ဗျားတို့ ကိုယ်ကိုယ် အကျင့်ဆိုးတွေ၊ အကျင့်ဟောင်းတွေ၊ သောက်ကျင့်တွေ ပြင်ကြဖို့လိုပြီဆိုတာ ကျွန်တော် ဒီကနေ့ပဲ ပြောချင်တယ်”. . . ဒါကတော့ လွန်ခဲ့တဲ့(၇၂)နှစ်ကျော်ကတည်းက မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်းပါ။

အခုအချိန်အထိလည်း ကျွန်တော်တို့နိုင်ငံမှာ စည်းကမ်းကောင်းမလာသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျိုက်ထီးရိုးဘုရား ရင်ပြင်အနီး နား လှေကားပေါ်မှာ ပျံကျဈေးသည်တွေကို ရှင်းလင်းနေတဲ့ ဗီဒီယိုဖိုင်က တော်တော်လေး ပျံ့နှံ့သွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေ၊ လုံခြုံရေးတွေနဲ့ ဘုရားဂေါပကတွေက ရှင်းလင်းဖယ်ရှားချိန်မှာ ပျံကျဈေးသည်တွေက ကြမ်းတမ်းခက်ထန်တဲ့ အပြုအမူတွေနဲ့ တုံ့ပြန်ခဲ့ပါတယ်။ တကယ် တော့ သူတို့ဟာ ဈေးမရောင်းရဆိုတဲ့ စာတန်းကို ကျောခိုင်းပြီး ဈေးဗန်းခင်း ရောင်းချနေသူတွေပါ။ တာဝန်ရှိသူတွေက ဈေးဗန်းသိမ်းဖို့ လုပ်ချိန်မှာ အသုတ်စုံ ဈေးဗန်းကို မှောက်လန်ပစ်တာ၊ ဟင်းရည်အပူတွေကို သွန်ချပစ်တာ၊ ပန်းကန်တွေကို ခွဲပစ်တာမျိုး လုပ်ခဲ့ကြပါတယ်။ ဟင်းရည်ပူတွေနဲ့ ပန်းကန်ကွဲစတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးတွေ ရှောင်ရှားခဲ့ရတာ တွေ့ရပါတယ်။ ဒီဖြစ်ရပ်မှာ စိတ်ခံစားချက်ကို ဘေးဖယ်ထားပြီး တာဝန်ထမ်းဆောင်နိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှုကို လူမှုကွန်ရက် အသုံးပြုသူတွေက ချီးကျူးခဲ့ကြပြီး ပျံကျ ဈေးသည်တွေရဲ့ အပြုအမူအပေါ် ဝေဖန်သူ များခဲ့ပါတယ်။

”လူတွေက ခလုပ်တိုက်တဲ့နေရာ ဈေးဝယ်ကြတာ”လို့ ဈေးသည်တွေ ပြောလေ့ရှိပါတယ်။ အဲဒီလက်သုံးစကားကို ကိုင်စွဲထားတဲ့ ဈေးသည် တွေက လူသွားစင်္ကြံမှာ ဈေးဗန်းခင်း၊ လမ်းပေါ်မှာ ဈေးဗန်းခင်းပြီး ရောင်းချနေကြပါတယ်။ အခုနောက်ဆုံး ဒီဖြစ်ရပ်မှာတော့ ဘုရားရင်ပြင် လှေကားထစ်ပေါ်မှာတောင် ဈေးဗန်းခင်း ရောင်းချနေတာ တွေ့ရပါတယ်။ သူတို့ရဲ့ဝမ်းရေးဖြေရှင်းဖို့ ဈေးရောင်းရတာမှန်ပေမဲ့ ဈေးရောင်း ခွင့်ပြုတဲ့နေရာမှာပဲ ရောင်းသင့်ပါတယ်။ ပျံကျဈေးသည်တွေကို ဈေးရောင်းခွင့်ပြုထားတဲ့နေရာ ပေးပြီးသားပါ။ ၂၀၁၇ ခုနှစ်တုန်းကလည်း ပွဲတော်ရာသီတွင်းမှာ ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်ပေါ် ဈေးလာရောင်းတဲ့ ဈေးသည် ၃၀ နီးပါးကို ဖမ်းဆီးခဲ့ဖူးပါတယ်။ ဒါပေမဲ့ စောင့်ကြည့်သူမရှိရင် စည်းကမ်းမလိုက်နာဘဲ ဈေးရောင်းတာတွေ ရှိနေစမြဲပါ။ တကယ်တော့ စိတ်ရဲ့ငြိမ်းချမ်းရာ ရှာဖွေကြတဲ့ ဘုရားရင် ပြင်တော် အနီးတစ်ဝိုက်မှာ ဈေးရောင်းတာက ဘုရားဖူးတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒီဖြစ်ရပ်မှာ ပျံကျဈေးသည်တွေက သူတို့ကိုယ်တိုင် စည်းကမ်းမလိုက်နာပေမဲ့ ”အမေစု သိစေချင်တယ်”လို့ အော်ပြောနေပါသေးတယ်။ ဒါဟာ ကျွန်တော်တို့နိုင်ငံသားတွေ အမှတ်မှားနေတဲ့ ”သူရဲကောင်းမျှော်ဝါဒ သို့မဟုတ် ကယ်တင်ရှင်မျှော်ဝါဒ”ကို လှစ်ဟပြလိုက်တဲ့ အခြေ အနေပါ။ သူရဲကောင်းမျှော်ဝါဒဆိုတာ ရှေးပဝေသဏီကတည်းက ပေါ်ထွန်းခဲ့တာပါ။ သင်္ဘောပျက်ပြီး ပင်လယ်ပြင်မှာ ကူးခတ်နေတဲ့ မဟာဇနကမင်းသားကို မေခလာနတ်သမီး ကယ်တင်တယ်ဆိုတဲ့ ဇာတ်တော်လိုပေါ့။ အကျပ်အတည်း၊ အခက်အခဲတစ်ခုကြုံရတဲ့အခါ ကူညီဖြေရှင်းပေးမယ့် သူရဲကောင်းကို ငံ့လင့်တတ်ကြပါတယ်။ ဒါဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား ကွာဟချက်လို့တောင် ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ နိုင်ငံသားတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်တွေကလည်း ဖွံ့ဖြိုးပြီးဖြစ်နေကြလို့ သူရဲကောင်း မျှော် မနေဘဲ ကိုယ်တိုင်သူရဲကောင်းဖြစ်အောင်ပဲ ကြိုးစားကြပါတယ်။ ဘယ်သူမှ စောင့်ကြည့်သတိပေးနေစရာမလိုဘဲ လိုက်နာရမယ့် စည်းကမ်း တွေကို တသဝေမတိမ်း လိုက်နာတတ်ကြပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ နိုင်ငံရေး၊ စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲတွေကို ဖြေရှင်းနိုင်အောင် ကူညီပေးမယ့် ကယ်တင်ရှင် မျှော်ဝါဒ ရှိသူ များပါတယ်။ အလားတူ စည်းကမ်းမလိုက်နာသူတွေလည်း များများစားစား တွေ့ရမှာပါ။ နိုင်ငံတစ်နိုင်ငံမှာ စည်းကမ်းလိုက် နာမှု အား နည်းလေလေ၊ စီမံအုပ်ချုပ်ဖို့ ခက်ခဲလေလေ၊ တိုးတက်မှု နှေးကွေးလေလေပါပဲ။ ဒေသတွင်း ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဒီအ ချက်ကို ထင်ထင်ရှားရှား တွေ့ရမှာပါ။ ဒါကြောင့်လည်း လွန်ခဲ့တဲ့(၇၂)နှစ်ကျော်ကတည်းက မြန်မာတွေ စည်းကမ်းလိုက်နာမှု အားနည်းတာ ကို သတိထားမိတဲ့ ဗိုလ်ချုပ်က မိန့်ခွန်းထဲမှာ ပြတ်ပြတ်သားသား ပြောခဲ့တာပါ။ ”မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ဖြစ်ပြီ” လို့လည်း အချုပ်တန်းဆရာဖေက ဖွဲ့သီခဲ့ဖူးပါတယ်။ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတိုင်းက စည်းကမ်းမလိုက်နာရင်တော့ ဘယ်လို ကယ်တင်ရှင်မျိုးကမှ ကယ်တင်နိုင်မှာမဟုတ်ဘူးလို့ ဆိုပါရစေ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top