ရုပ်ရှင်အထူးပြပွဲအတွင်း လူအုပ်ပြိုမှုကြောင့် ပရိသတ်တစ်ဦးသေဆုံးခဲ့ပြီးနောက် တရားရင်ဆိုင်နေရတဲ့ အိန္ဒိယထိပ်တန်းမင်းသား

16.12.2024-yyl-4.jpg

ဝင်ငွေအမြင့်ဆုံးအိန္ဒိယမင်းသားတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသား အလူအာဂျွန် (Allu Arjun) ဟာ သူ့ရဲ့ရုပ်ရှင်ကား Pushpa 2: The Rule အထူးပြပွဲနေ့က ပရိသတ်လူအုပ်ပြိုကျမှုအတွင်း အမျိုးသမီးတစ်ဦးသေဆုံးစေခဲ့ပြီး ကလေးတစ်ဦး ပြင်းပြင်းထန်ထန်ထိခိုက်မှုဖြစ်ခဲ့တာကြောင့် ဒီဇင်ဘာ ၁၃ ရက်နေ့က အဖမ်းခံခဲ့ရပါတယ်။ သူဟာ အဲ့ပွဲမှာ ပရိသတ်တွေဆီ အံ့အားသင့်ဖွယ်ရာ ပေါ်လာခဲ့တာပါ။

အဲ့ဒီလူအုပ်ပြိုမှုအတွင်း အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူက အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့တာပြီး ၉ နှစ်အရွယ်သားဖြစ်သူက အပြင်းအထန်ထိခိုက်ထားပါတယ်။ ရုပ်ရှင်အထူးပြပွဲကို ဒီဇင်ဘာ ၄ ရက်နေ့က Hyderabad မှာပြုလုပ်ခဲ့တာပါ။ အလူ အာဂျွန်က အထူးပြပွဲအပြီး ၁ ပတ်အကြာမှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အခင်းဖြစ်ပွားခဲ့ရာနေရာရုပ်ရှင်ရုံပိုင်ရှင်ကလည်း ဖမ်းဆီးခံထားရပါတယ်။ အလူအာဂျွန်က အဖမ်းခံရပြီး နာရီအနည်းငယ်အကြာမှာ တရားရုံက အာမခံပေးခဲ့ပါတယ်။ သူဟာ ၁ ညလောက်တော့ အချုပ်ထဲနေခဲ့ရပြီး ၄ ပတ်တာ အာမခံရရှိခဲ့ပါတယ်။

အလူအာဂျွန်က သူ့အနီးနားရှိ လူအုပ် (အမျိုးသမီးတစ်ဦးကို သေစေခဲ့တဲ့) ကို ရှင်းဖို့ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ သူရဲ့အကြံပေးက သူ့ဘက်က ဘာအမှားအယွင်းတစ်စုံတစ်ရာမှမရှိခဲ့ဘူးလို့ ငြင်းဆိုခဲ့တဲ့အပြင် အခုလိုမတော်တဆဖြစ်ရပ်အတွက် လူသိရှင်ကြားတောင်းပန်ခဲ့ပါတယ်။

အာဂျွန်က အာမခံနဲ့လွှတ်လာပြီးတဲ့နောက် အပြင်းအထန်ထိခိုက်ဒဏ်ရာရထားတဲ့ ကောင်လေးနဲ့ပတ်သက်ပြီး အခုလို ပို့စ်တင်ခဲ့ပါတယ်။ “စိတ်မကောင်းစရာအဖြစ်အပျက်အပြီး ဆေးကုသခံယူနေရတဲ့ ကလေးလေး ဆာရီ တာ့ဂျ်အတွက် ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်။ လက်ရှိရင်ဆိုင်နေရတဲ့ တရားစွဲဆိုမှုကြောင့် အခုအချိန်မှာ သူနဲ့ သူ့မိသားစုဆီ သွားမတွေ့ဖို့ ကျွန်တော့်ကို ပြောထားကြပါတယ်။ သူတို့အတွက် ကျွန်တော် ဆုတောင်းပေးနေပြီး ဆေးဘက်ဆိုင်ရာနဲ့ မိသားစုလိုအပ်ချက်တွေကို ဖြည့်ဆည်းရာမှာ ကျွန်တော် တာဝန်ယူဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ အမြန်ပြန်ကောင်းလာဖို့ ကျွန်တော် ဆုတောင်းပေးပါတယ်။ သူနဲ့ သူ့မိသားစုကို အမြန်ဆုံးတွေ့နိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”

အလူအာဂျွန်က အနုပညာလောကမှာ National Film Award (၁) ဆု၊ Filmfare Awards (၆) ဆု၊ Nadi Awards (၃) ဆု အပါအဝင် ဆုများစွာရရှိထားတဲ့ မင်းသားဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်း Forbes India ရဲ့ Celebrity 100 စာရင်းမှာ ပါဝင်ထားသူလည်းဖြစ်ပါတယ်။

Ref: Top Indian actor arrested after death of fan at film premiere

(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top