ကမ္ဘာ့တစ်ဝှမ်း လူကြိုက်များခဲ့တဲ့ Squid Game စီးရီး Season 1 မှာ ဗီလိန်ဇာတ်ရုပ် Front Man အဖြစ်ရော Season 2 မှာ ဂိမ်းပြိုင်ပွဲဝင်အဖြစ်ပါ ပါဝင်ထားတဲ့ လီဗြောင်ဟွန်းဟာ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ ၁၀ နှစ်သားလေး ဂျွန်ဟိုကိုတော့ သူ့ဇာတ်ရုပ်နဲ့ စိတ်ကျေနပ်စေခဲ့ပုံမရပါဘူး။ သားဖြစ်သူဆီက ဘာလို့ အရမ်းရက်စက်ရတာလဲလို့တောင် အမေးခံလိုက်ရတာပါ။ ဒီအကြောင်းကို The Tonight Show မှာ လီဗြောင်ဟွန်းက ထုတ်ပြောလာခဲ့ပါတယ်။
သားဖြစ်သူဟာ သူ့သူငယ်ချင်းတွေဆီက စီးရီးတွဲအကြောင်း ကြားလာခဲ့ပုံရပြီး တစ်နေ့ကျတော့ သူ အရမ်းစိတ်မကောင်းဖြစ်နေပြီး ဘာလို့ အဖေက အရမ်းရက်စက်ရတာလဲလို့ မေးမြန်းခဲ့တာပါ။ ဘာကို ပြောချင်တာလဲလို့ သူ့သားကို ပြန်မေးတော့ “အဖေက လူအများကြီးကို သတ်ခဲ့တယ်”လို့ ဂျွန်ဟိုက ပြန်ဖြေခဲ့ပါတယ်။
ဂျွန်ဟိုက Squid Game Season 2 မှာ Thanos အဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် T.O.P နဲ့လည်း အရမ်းရင်းနှီးတာကြောင့် T.O.P ကို ဘာလို့ ဆိုးဆိုးရွားရွားထိုးခဲ့တာလဲလို့လည်း မေးမြန်းခံခဲ့ရပါသေးတယ်။ လီဗြောင်ဟွန်းလည်း သားဖြစ်သူကို ဒါက သရုပ်ဆောင်နေရုံပါလို့ နားလည်အောင် ရှင်းပြခဲ့ရပါတယ်။
ဂျွန်ဟို ၃ နှစ်သားတုန်းကလည်း လီဗြောင်ဟွန်းက G.I.Joe ဇာတ်ကားတွေထဲက တစ်ကားရဲ့ ဗီဒီယိုအပိုင်းလေးတစ်ခုကို ပြခဲ့တဲ့အချိန် လက်နက်က ဘယ်မှာလဲ၊ အမေရိကန်ကနေ ဘာလို့ပြန်ယူမလာခဲ့တာလဲလို့လည်း အမေးခံခဲ့ရပါသေးတယ်။
လီဗြောင်ဟွန်းက မင်းသမီး လီမင်ဂျောင်နဲ့ ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဂျွန်ဟိုကို မွေးဖွားခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဒုတိယမြောက်ကလေး သမီးလေးကို ပိုင်ဆိုင်ခဲ့ရပါတယ်။
Squid Game Season 3 ကို ဇွန်လ ၂၇ ရက်နေ့မှာ Netflix ကနေ ထွက်ရှိမှာဖြစ်ပြီး Season 3 မှာ ကစားသမားတော်တော်များများက လီဗြောင်ဟွန်းဇာတ်ကောင်ရဲ့သရုပ်မှန်ကို သိရှိသွားမှာဖြစ်တယ်လို့သိရပါတယ်။
Ref: Lee Byung Hun’s son, 10, asked why he was ‘so mean’ in Squid Game, hit co-star T.O.P so badly
WL ( ရိုးရာလေး)

