တရုတ်နိုင်ငံရဲ့ အကျော်ကြားဆုံး သင်္ချာပါရမီရှင်တစ်ဦးဖြစ်တဲ့ ဝေတုန်ယီကတော့ အလွန်ချိုးခြံချွေတာတဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် လူမှုကွန်ရက်မှာ တစ်ကျော့ပြန် သတင်းပျံ့နှံ့လာခဲ့ပါတယ်။ သူက တစ်လမှာ ယွမ် ၃၀၀ ( အမေရိကန်ဒေါ်လာ ၄၀)ပဲ သုံးစွဲပြီး စားသောက်နေထိုင်နေတာပါ။ မြန်မာငွေ ၂ သိန်းမပြည့်တဲ့ ပမာဏပါပဲ။
အသက် ၃၄ နှစ်အရွယ်ရှိတဲ့ ဝေတုန်ယီဟာ ငယ်စဉ်အရွယ်ကတည်းက သင်္ချာထူးချွန်သူဖြစ်ပြီး ၄၉ ကြိမ်မြောက်နဲ့ အကြိမ် ၅၀ မြောက် နိုင်ငံတကာသင်္ချာအိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ ဆွတ်ခူးနိုင်ခဲ့ပြီး ဝင်ခွင့်မဖြေဘဲ ပီကင်းတက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့သူပါ။
သူဟာ ပီကင်းတက္ကသိုလ်မှာပဲ ဆရာအဖြစ် ပြန်လည်ပို့ချခဲ့ပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေသူပါ။ သူဟာ ပီကင်းတက္ကသိုလ်ကနေ တစ်နှစ်လုပ်ခ ဒေါ်လာ ၈၅၀၀၀ ဝန်းကျင် ရနေပေမဲ့ သူက တစ်လကို ဒေါ်လာ ၄၀ လောက်ပဲ သုံးစွဲသူပါ။ သင်္ချာက လွဲပြီး တခြားဘာကိုမှ စိတ်မဝင်စားတဲ့ ဝေတုန်ယီဟာ အားလပ်ချိန်မှာ ရေဒီယို နားထောင်လေ့ရှိပြီး အွန်လိုင်းလည်း မသုံးသလောက်ပါပဲ။
နောက်ပိုင်းမှာ Douyin နဲ့ RedNote မှာ အကောင့်ဖွင့်ခဲ့ပြီး ၄ စက္ကန့်သာ ကြာမြင့်တဲ့ မိတ်ဆက်ဗီဒီယိုတစ်ခုသာ တင်ခဲ့ပါတယ်။ သူ့အကောင့်ဟာ ၅ ရက်အတွင်း အားပေးသူ ၂၃ သန်းအထိ ရှိခဲ့ပေမဲ့ သူကတော့ influencer လုပ်ဖို့ ဆန္ဒမရှိဘဲ သင်္ချာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ ဝေမျှဖို့သာ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Ref: China’s Godlike Math Genius Stuns Internet With Extremely Frugal Lifestyle
NZ ( ရိုးရာလေး)