တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟယ်နန်ပြည်နယ်က ရှင်းကျီလိုင်ဆိုတဲ့ လက်မှုပစ္စည်းတွေဖန်တီးသူ Influencer ဟာ ၄ လအချိန်ယူပြီးတော့ သူ့ရဲ့ကြောင်လေးအတွက် မြေအောက်ရထားဘူတာတည်ဆောက်ပေးခဲ့ပါတယ်။ တချို့အင်တာနက်အသုံးပြုသူကတော့ အဲ့ဒီမြေအောက်ရထားဘူတာကို AI လို့တောင် ထင်နေကြတာပါ။ ဒါပေမဲ့ ရှင်းကျီလိုင်ကိုယ်တိုင်က မြေအောက်ရထားဘူတာကို အသေးစိတ်ကအစ လက်လုပ်ဖြစ်တယ်ဆိုတာကို ပြသနေတဲ့ ဗီဒီယိုတွေကို တင်ပေးခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုက တင်ပြီး ရက်အနည်းငယ်အတွက် ကြည့်ရှုသူ သန်း ၁၀၀ ရရှိခဲ့ပါတယ်။

လူမှုကွန်ယက်မှာ ဖော်လိုဝါ ၁.၂ သန်းကျော်ရှိတဲ့ ရှင်းကျီလိုင်ရဲ့လက်လုပ်လက်ရာတွေမှာ အိမ်မွေးတိရစ္ဆာန်တွေအတွက် အိမ်လေးတွေ၊ ဘဏ်တွေ၊နဲ့ ဂိုဒေါင်လေးတွေပါဝင်ပါတယ်။ ရှင်းက သူ့ဇနီး၊ သားလေး၊ ရှီဘာအီနုခွေးလေး ၁ ကောင်၊ ကြောင်လေး ၂ ကောင်တို့နဲ့အတူ နေထိုင်ပါတယ်။
သူ့ရဲ့ကြောင်လေးတွေအတွက် မြေအောက်ရထားဘူတာဆောက်လုပ်ထားတယ်ဆိုတာကို ဩဂုတ် ၁၆ ရက်နေ့က ပြသခဲ့ပြီး လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ မြေအောက်ရထားသေးသေးလေးက တကယ့်အစစ်လိုပါပဲ။ တကယ်အစစ်နဲ့တူအောင် ပြီးပြည့်စုံအောင် ဆောက်လုပ်ထားတာပါ။

မြေအောက်ရထားက လမ်းကြောင်းတစ်လျှောက်ပြေးဆွဲကာ ကြောင်လေးတွေ အတက်အဆင်းလုပ်လို့ရစေပါတယ်။ ရထားအတွင်းပိုင်းက ပြောင်လက်နေပြီး ထိုင်ခုံလေးတွေနဲ့ လက်ရန်းလေးတွေပါရှိပါတယ်။ ရထားလမ်းကြောင်းတစ်လျှောက်မှာလည်း ကြော်ငြာဆိုင်းဘုတ်တွေထားရှိထားပါတယ်။
မြေအောက်ရထားဘူတာကို စက်ရုံအလွတ်အတွင်းဆောက်လုပ်ခဲ့တာပါ။ ရှင်းရဲ့အဖွဲ့က ဆောက်လုပ်တဲ့အချိန်မှာ မရေတွက်နိုင်တဲ့အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ ပြဿနာတစ်ခုပေါ်တဲ့အခါတိုင်း ဖြေရှင်းခဲ့တယ်။ ဖြေရှင်းနိုင်မှုက ဘယ်တော့မှ မယိမ်းယိုင်ခဲ့ဘူး။ ကျရှုံးမှုများစွာကြုံပြီးတဲ့နောက် နောက်ဆုံးမှာတော့ မြေအောက်ရထားဘူတာဖြစ်လာခဲ့တယ်လို့ ရှင်းက ဆိုထားပါတယ်။

ရှင်းဟာ ၂၀၂၃ခုနှစ်က သူ့ရဲ့ကြောင်လေးတွေကို ဇိမ်ခံတိုက်ခန်းဆောက်လုပ်ပေးတဲ့ဗီဒီယိုနဲ့ လူသိများခဲ့ပါသေးတယ်။
Ref: ‘Not AI’: China influencer takes 4 months to build mini cat underground; video gets 100 million views
WL (ရိုးရာလေး)

