ဟောင်ကောင်မှ မိုးမျှော်တိုက်များ မီးလောင်ကျွမ်းမှုမှာ အလုပ်ရှင်ရဲ့ ၃ လအရွယ် ကလေးငယ်၊ သက်ကြီးရွယ်အို မိခင်တို့ကို အသက်နဲ့ရင်းပြီး စောင့်ရှောက်ပေးခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးဟာ သူရဲကောင်းအဖြစ် ချီးကျူးခံနေရပါတယ်။
အသက် ၂၈ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး ရိုဒိုရာအယ်ကာရက်ဇ်ဟာ မီးလောင်မှုမဖြစ်ပွားမီ တစ်ရက်အလိုကမှ အိမ်အကူအလုပ်ရလို့ ဟောင်ကောင်ကို ရောက်လာခဲ့သူပါ။ မီးထဲမှာ ပိတ်မိနေတဲ့ သူတို့ ၃ ယောက်ကို မီးသတ်သမားတွေက အချိန်မီ ကယ်တင်နိုင်ခဲ့ပြီး ကလေးငယ်နဲ့ အမျိုးသမီးကြီးကို အထူးကြပ်မတ်ကုသဆောင် ပို့ခဲ့ရပေမဲ့ ကျန်းမာရေးအခြေအနေ စိတ်ချရတဲ့ အနေအထား ရှိနေပါပြီ။
” အိမ်နဲ့ မိုင်ပေါင်းများစွာ ဝေးရာအရပ်မှာတောင် မိသားစုတွေအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပေးကြတဲ့ ရိုဒိုရာနဲ့ အခြားပြည်ပလုပ်သားအားလုံးကို လေးစားပါတယ် ”လို့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ် အိုင်မီးမားကို့စ်က သူ့ရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
Wang Fuk Court အိမ်ရာဝန်းအတွင်းမှ မိုးမျှော်တိုက်တွေ မီးလောင်ကျွမ်းမှုဟာ ၇၅ နှစ်အတွင်း ဟောင်ကောင်မှာ လူသေဆုံးမှုအများဆုံး မီးလောင်မှုဖြစ်ပြီး သေဆုံးသူ ၁၅၁ ဦး ရှိကာ လူ ၄၀ ကျော် ပျောက်ဆုံးနေဆဲပါပဲ။ ဟောင်ကောင်မှာ ပြည်ပမှ လာရောက်တဲ့ အိမ်အကူလုပ်သား ၃၆၈၀၀၀ နီးပါး ရှိနေပြီး ဟောင်ကောင်လုပ်သားအင်အားစုရဲ့ ၁၀ ပုံ၊ ၁ ပုံပမာဏ ရှိပါတယ်။
ဟောင်ကောင်မြို့မှာ အလုပ်လုပ်တဲ့ အိမ်အကူအများစုဟာ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားနိုင်ငံမှ လာရောက်သူတွေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့မှ လာရောက်သူတွေလည်း မြင့်တက်နေပါတယ်။
Ref: Philippines celebrates ‘heroic’ helper who survived Hong Kong fire
NZ ( ရိုးရာလေး)

