အိမ်ရှင်ကြောင့် အရှက်ကွဲခဲ့ရတဲ့ တရုတ်အွန်လိုင်းဆယ်လီ

yyl-005-11.jpg

လူမှုကွန်ရက်ပေါ်မှာ လှပကျော့ရှင်းတဲ့ဓာတ်ပုံတွေ တင်ထားပေမဲ့ လက်တွေ့ဘဝမှာ ညစ်ပတ်လွန်းတဲ့ တရုတ်အွန်လိုင်းဆယ်လီတစ်ယောက်အကြောင်းကို သူ့အိမ်ရှင်က လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့ပါတယ်။ အွန်လိုင်းဆယ်လီအဖြစ် နာမည်ကျော်ကြားတဲ့ ဘလော့ဂါ လီဆာလီဟာ Sina Weibo လူမှုကွန်ရက်ပေါ်မှာ ထောက်ခံအားပေးသူ ၁.၁ သန်းရှိသူပါ။

လီဆာလီဟာ တရုတ်နိုင်ငံမြောက်ပိုင်း ရှီအန်းမြို့မှာ တိုက်ခန်းငှားနေပါတယ်။ တိုက်ခန်းပိုင်ရှင်က လီဆာလီကို ထပ်ဖန်တလဲလဲ ဖုန်းဆက်ပေမဲ့ လီဆာလီက ဖုန်းမကိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဒေါသထွက်လာတဲ့ တိုက်ခန်းပိုင်ရှင် အမျိုးသမီး ချန်းက တိုက်ခန်းကို လူကိုယ်တိုင် လိုက်လာခဲ့ပြီး အမှိုက်ပုံနဲ့မခြားနားသလို ဖြစ်နေတဲ့ တိုက်ခန်းအတွင်းပိုင်း မြင်ကွင်းတွေကို တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ လီဆာလီ ငှားနေတဲ့ တိုက်ခန်းထဲမှာ အမှိုက်တွေ၊ မှိုတက်နေတဲ့ စားစရာတွေ၊ ခွေးမစင်တွေနဲ့ ပြည့်နှက်နေပါတယ်။

လီဆာလီက မီတာခကြွေးကျန်တွေလည်း ပေးဖို့ ကျန်ရှိနေပါသေးတယ်။ တိုက်ခန်းအတွင်းပိုင်း အခြေအနေကို မြင်တွေ့ပြီးချိန်မှာတော့ တိုက်ခန်းပိုင်ရှင် ချန်းက ရဲကို အကြောင်းကြားခဲ့ပါတယ်။ သူနေတဲ့ တိုက်ခန်းအတွင်းပိုင်း ပုံရိပ်တွေကို လူသန်းချီ တွေ့မြင်ခဲ့ပြီးနောက်မှာတော့ လီဆာလီက တိုက်ခန်းပိုင်ရှင်ကို လူချင်းတွေ့ တောင်းပန်ခဲ့ပြီး သူ့မှာအပြစ်ရှိတယ်လို့ ဝန်ခံခဲ့ပါတယ်။ အဲဒီနောက်မှာ လီဆာလီက တိုက်ခန်းထဲက အမှိုက်သရိုက်၊ အညစ်အကြေးတွေကို သူကိုယ်တိုင် ရှင်းလင်းခဲ့ပါတယ်။ လီဆာလီက သူ သန့်ရှင်းရေးလုပ်နေတာကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး လူ ၆၀၀၀၀ ကျော်ကမှတ်ချက် ပေးခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top