၂၉ နှစ်သား စတော့ရှယ်ယာသမား နီကိုလက်စ်ဝင်တန်က ခရစ္စမတ်အားလပ်ရက်မှာ ဆွစ်ဇာလန်နိုင်ငံကို နှင်းလျှောစီးခရီးစဥ်ထွက်ဖို့ စီစဥ်ထားတာပါ။ အချိန်အားဖြင့် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလပေါ့။ အဲဒီလိုအချိန်မှာ သူ့မိတ်ဆွေ မာတင်ဘလိတ်က ချက်နိုင်ငံ ပရပ်မြို့ကနေ သူ့ဆီ ဖုန်းဆက်ပြီး ပရပ်မြို့ကို လာခဲ့ဖို့ခေါ်တယ်။
ဒါနဲ့ပဲ ဝင်တန်က ခရီးစဥ်ဖျက်ပြီး ပရပ်မြို့ကို သွားတယ်။ သူ ရောက်သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းက အံ့အားသင့်စရာ။ နာဇီလက်ကနေ ထွက်ပြေးလာတဲ့ ဂျူးတွေ ပရပ်မြို့ကို အုံလိုက်ကျင်းလိုက် ဝင်ရောက်လာနေတာပါ။ ဒုက္ခသည်တွေ နေထိုင်ရတဲ့ အခြေအနေက ဆိုးဆိုးရွားရွား။ အေးခဲတဲ့ ဆောင်းရာသီမှာ ရွက်ဖျင်တဲလေးတွေထိုးပြီး မလုံမခြုံနေနေရတာပါ။ ဝင်တန်ကတော့ မသိ နားမလည်သေးတဲ့ ကလေးငယ်တွေ ခံစားနေရတဲ့ဒုက္ခကို မကြည့်ရက်နိုင်ဘူး။
အဲဒီအချိန်မှာ ဗြိတိန်အစိုးရက မွေးစားမယ့်သူရှိရင် ဂျူးဒုက္ခသည်ကလေးတွေကို ဗြိတိန်နိုင်ငံထံ ဝင်ရောက်ခွင့်ပြုတယ်ဆိုတဲ့ မူဝါဒတစ်ရပ်ကို ဖော်ဆောင်ခဲ့တယ်။ ဒါပေမဲ့ ချက်မှာရှိတဲ့ ဒုက္ခသည် ကလေးငယ်တွေကို ဦးစီးဦးဆောင်လုပ်ပြီး ခေါ်ဆောင်ပေးမယ့်သူ မရှိပါဘူး။ အစိုးရ ယန္တယား ရှိနေတာပဲ၊ ကိုယ်တိုင် ဝင်လုပ်ပေးစရာမလိုဘူးလို့ လူတွေက ယူဆထားကြတာပါ။ ဝင်တန်က ချက်မှာရှိတဲ့ ဒုက္ခသည်ကလေးတွေကို ဗြိတိန်နိုင်ငံထံ ခေါ်ဆောင်နိုင်အောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
သူက သံတမန်တစ်ဦး မဟုတ်သလို နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ထောက်ပံ့ကူညီရေးအဖွဲ့ဝင်တစ်ဦးလည်း မဟုတ်ဘူး။ စတော့ရှယ်ယာသမားတစ်ယောက်ပါ။ ဒါပေမဲ့ ဒုက္ခရောက်နေတဲ့ ကလေးတွေအတွက် သူ ဘာလုပ်ပေးနိုင်မလဲတွေးရင်း အခုလို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူက လန်ဒန်ကို ပြန်သွားတယ်၊ သူ့အမေအိမ်က ထမင်းစားခန်းကို ဒုက္ခသည်ကလေးငယ် ကယ်ဆယ်ရေးရုံးချုပ်အဖြစ် အသွင်ပြောင်းလိုက်တယ်။ ဒုက္ခသည်ကလေးငယ်တစ်ယောက်ကို ဗြိတိန်နိုင်ငံထံ ခေါ်ဆောင်နိုင်ဖို့ဆိုရင် အာမခံငွေ ပေါင် ၅၀ [အခုခေတ် ပေါင် ၂၅၀၀] လိုတယ်။ မိသားစုအများစုက ဒီငွေကို မတတ်နိုင်ကြဘူး။ ဒီတော့ ဝင်တန်က သူ တတ်နိုင်သလောက် ငွေစုတယ်၊ မိတ်ဆွေတွေ၊ နီးစပ်သူတွေ၊ သူနဲ့မသိတဲ့ သူစိမ်းတွေဆီကပါ အလှူငွေ ကောက်ခံခဲ့တယ်။ နေ့ဘက်ဆိုရင် စတော့စျေးကွက် အလုပ်လုပ်တယ်။ ညဘက်တွေ၊ ပိတ်ရက်တွေမှာ ကယ်ဆယ်ရေးအတွက် လိုအပ်တာတွေ လုပ်တယ်။ ပရပ်မြို့မှာတော့ ထရီဗာချက်ဒ်ဝစ် အပါအဝင် လုပ်အားပေးတွေက ကလေးငယ်တွေကို ပို့ဆောင်ဖို့ စာရင်းကောက်တာ၊ ခရီးသွားမယ့် ကိစ္စ၊ မိဘတွေနဲ့ ခွဲရတော့မှာမို့ စိတ်မကောင်းဖြစ်စရာတွေ ဖြေသိမ့်ပေးတဲ့အပိုင်းတွေ ဆောင်ရွက်ခဲ့ကြတယ်။
၁၉၃၉ ခုနှစ် မတ်လ ၁၄ ရက်နေ့မှာတော့ ဒုက္ခသည်ကလေးငယ်တွေ လိုက်ပါလာတဲ့ ပထမဆုံးရထားဟာ ပရပ်မြို့ကနေ ထွက်ခွာလာခဲ့တယ်။ လက်ဆွဲအိတ်လေးတွေ ကိုင်ဆောင်ပြီး အမည် ရေးမှတ်ထားတဲ့ ကတ်လေးတွေ ဆွဲထားတဲ့ ကလေးတွေဟာ မိဘတွေနဲ့ ဘယ်တော့မှ ပြန်မဆုံနိုင်တော့မယ့်ခရီး နှင်လာခဲ့ကြပါပြီ။ မိဘတွေကလည်း သားသမီးတွေကို သူတို့နဲ့အတူ ဆက်ထားပြီး နာဇီအန္တရာယ် ကြုံလာမယ့်အချိန်ကို စောင့်နေမလား၊ ကလေးတွေ အသက်ဘေးက လွတ်အောင် တိုင်းတပါးပို့မလားဆိုတဲ့ ရွေးချယ်မှု ၂ ခုထဲမှာ ရင်နင့်စရာ ဆုံးဖြတ်ချက်ချပြီး သားသမီးတွေကို စေလွှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒုက္ခသည်ကလေးငယ်တွေကနေ ပရပ်မြို့ကနေ ကယ်ထုတ်ဖို့အရေးဟာ နိုင်ငံရေးအရွေ့နဲ့ အချိန်ကို လုပြီး လုပ်ဆောင်ခဲ့ရတာပါ။ ဒုက္ခသည် ကလေးငယ်တွေ လိုက်ပါလာတဲ့ ရထားတွေ တစ်စင်းပြီး တစ်စင်း ဗြိတိန်ကို ဆိုက်ရောက်ခဲ့တယ်။ စုစုပေါင်း ရထား ၈ စင်း၊ ကလေးငယ် ၆၆၉ ယောက်ကို ဝင်တန်တို့ လူစုက ကယ်ထုတ်ပေးနိုင်ခဲ့တယ်။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ နောက်ထပ်ရထားတစ်စင်းနဲ့အတူ ကလေးငယ် ၂၅၀ လိုက်ပါလာဖို့ စီစဥ်ခဲ့ကြတယ်။ စာရွက်စာတမ်းတွေနဲ့ သူတို့ကို မွေးစားမယ့် မိဘတွေ၊ လက်မှတ်ကိစ္စတွေ အားလုံးစီစဥ်ပြီးသားပါ။ ဒါပေမဲ့ ရထားထွက်မယ့်နေ့မှာပဲ နာဇီတွေက ပိုလန်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဒုတိယကမ္ဘာစစ် စတင်ခဲ့တာကြောင့် နယ်စပ်တွေ ပိတ်လိုက်ရတဲ့အတွက် ရထားထွက်ခွာနိုင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီကလေးငယ် ၂၅၀ အနက် ၂ ဦးသာ Halocaust ကနေ အသက်ရှင် လွတ်မြောက်နိုင်ခဲ့တယ်။
ဒုတိယကမ္ဘာစစ်ဖြစ်တော့ ဝင်တန်က ဗြိတိန်တော်ဝင်လေတပ်မှာ ဝင်ရောက်အမှုထမ်းခဲ့တယ်။ စစ်ကြီးပြီးတော့ အိမ်ထောင်ပြုတယ်၊ သားသမီးတွေ ထွန်းကားတယ်၊ ဒီလိုနဲ့ ဝင်တန်ဟာ အလုပ်မျိုးစုံ လုပ်ပြီး ဘဝကို ဖြတ်သန်းခဲ့တယ်။ ဒုက္ခသည်ကလေးငယ်တွေကို ကယ်ထုတ်ခဲ့တဲ့အကြောင်းကိုလည်း ဘယ်သူ့ကိုမျှ ထုတ်မပြောခဲ့ဘူး။ ယုတ်စွအဆုံး ဒီအကြောင်းကို သူ့မိန်းမ၊ သူ့ကလေးတွေနဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေတင် မသိခဲ့ကြပါဘူး။ ဒုက္ခသည်ကလေးငယ်တွေကို ကယ်ထုတ်စဥ်က သူတို့ရဲ့နာမည်၊ မွေးစားမယ့်မိဘတွေရဲ့စာရင်းတွေကို ဓါတ်ပုံတွေနဲ့အတူ တွဲမှတ်ထားတဲ့ စာအုပ်အဟောင်းလေးကိုတော့ သူက အလွယ်တကူ မတွေ့နိုင်မယ့် နေရာမှာ သိမ်းဆည်းထားတယ်။ သူက ဒီအကြောင်းတွေကို နှစ် ၅၀ ကြာ လျှို့ဝှက်ထားခဲ့တာပါ။ ၁၉၈၈ ခုနှစ်မှာတော့ ဝင်တန်ရဲ့ ဇနီးက ထပ်ခိုးထပ်ကို တက်ရှင်းရင်း ဒီစာအုပ်ကို တွေ့သွားလို့ ဖတ်ကြည့်လိုက်တဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ လုပ်ဆောင်မှုတွေကို သိသွားတယ်။ သူက ဘီဘီစီသတင်းဌာနရဲ့ That’s Life! အစီအစဥ်ကို ဆက်သွယ်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှာတော့ ဝင်တန်က အခြားပရိသတ်တွေနဲ့အတူ Kindertransport ဆိုတဲ့ အစီအစဥ်ကို စတူဒီယိုခန်းမထဲမှာ ထိုင်ကြည့်နေခဲ့တယ်။ ဖိတ်လို့သာ ထိုင်ကြည့်နေရတာ……ဘာအကြောင်း လွှင့်မလဲဆိုတာ သူလည်း မသိပါဘူး။ အစီအစဥ် တင်ဆက်သူ အက်စသာက ကလေးငယ် ၆၆၉ ယောက်ကို ကယ်တင်ဖို့ ရထားခရီးစဥ် ၈ ကြောင်း စီစဥ်ပေးခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း ကြေညာခဲ့ပြီး ဒီအမျိုးသားက ပရိသတ်တွေထဲမှာ ရှိနေတယ်လို့ ပြောလိုက်တဲ့အခါ ဝင်တန်ဆီကို ကင်မရာမီးရောင်တွေ ရောက်လာတယ်။ ဝင်တန်ရဲ့မျက်နှာမှာ အံ့အားသင့်မှုက အတိုင်းသား။
ပြီးတော့ အက်စသာက ဆက်ကြေညာတယ်။ ” ပရိသတ်တွေထဲမှာ ဝင်တန်ရဲ့ကျေးဇူးကြောင့် အသက်ဘေးက လွတ်မြောက်ခဲ့သူတွေများ ပါရင် ကျေးဇူးပြုပြီး မတ်တတ်ရပ်ပေးပါရှင်”။ သူ့စကားသံအဆုံးမှာ ဝင်တန်နဲ့ ဘေးကပ်လျက် ထိုင်နေတဲ့ အမျိုးသမီးက မတ်တတ်ထရပ်လိုက်တယ်။ ပြီးတော့ နောက်တစ်ယောက်၊ နောက်တော့ မတ်တတ်ရပ်သူတွေက အတန်းလိုက်၊ အတန်းလိုက်၊ လူပေါင်း ရာနဲ့ချီတယ်။ သက်လတ်ပိုင်းတွေရော၊ အသက်အရွယ် နည်းနည်းရနေသူတွေရော ပါတယ်။ သူတို့အားလုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ က ဝင်တန် စီစဥ်တဲ့ ရထားခရီးစဥ်တွေမှာ လိုက်ပါခဲ့ပြီး သူ့ကြောင့်ပဲ အသက်ဘေးက လွတ်မြောက်လာခဲ့ရတာပါ။ သူတို့က ကိုယ်ပိုင်ဘဝတွေ ထူထောင်နိုင်ခဲ့ပြီ၊ မိသားစုတွေ ရှိနေပြီ။ တချို့တွေကလည်း သက်ဆိုင်ရာ နယ်ပယ်တွေမှာ ပေါက်ပေါက်မြောက်မြောက် ဖြစ်နေကြပြီ။ ဒါကြောင့်ပဲ……..ဝင်တန်က အတိတ်တွေ ပြန်မဖော်ချင်တော့လို့ သူ့ရဲ့ကယ်ဆယ်မှုအကြောင်း ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့တာပါ။ အခုတော့ သူလည်း စတူဒီယိုထဲမှာ မတ်တပ်ရပ်နေတဲ့ လူအုပ်ကြီးကို လည်ပြန်ကြည့်ရင်း မျက်ရည်တွေ ဝဲလို့။
အဲဒီရုပ်သံ အစီအစဥ်ကြောင့် ဝင်တန်လည်း နိုင်ငံတကာအထိ ကျော်ကြားသွားတယ်။ ၂၀၀၃ ခုနှစ်က ဗြိတိန်ဘုရင်မကြီးရဲ့ သူကောင်းဘွဲ့အပါအဝင် ဆုတွေအများကြီး ရခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ဝင်တန်က သူ ကယ်တင်ပေးခဲ့သူတွေ၊ သူတို့မိသားစုတွေနဲ့ မကြာခဏ တွေ့ဆုံဖြစ်ကြတယ်။ တချို့ဆိုရင် မြေးတွေ၊ မြစ်တွေတောင် ရနေပြီ။ အခုဆိုရင် သူ ကယ်တင်ခဲ့သူ ၆၆၉ ဦးကနေ ဆင့်ပွားဆင်းသက်လာသူဦးရေ ၆၀၀၀ အထိ ရှိနေပြီ။
၂၀၁၅ ခုနှစ်မှာတော့ အသက် ၁၀၆ နှစ်အရွယ်ရှိတဲ့ ဝင်တန် ကွယ်လွန်သွားတယ်။ ဒုက္ခသည်ကလေးငယ်တွေ လိုက်ပါလာတဲ့ ပထမဆုံး ရထားတစ်စင်း ပရပ်မြို့ကနေ စတင်ထွက်ခွာတဲ့နေ့ကနေ ရေတွက်ရင် ၇၆ နှစ်တင်းတင်း ပြည့်တဲ့နေ့မှာ သူ ကွယ်လွန်ခဲ့တာပါ။ ဝင်တန်ဟာ မချမ်းသာဘူး၊ အာဏာရှိသူလည်း မဟုတ်ဘူး၊ ကလေးတွေကို ကယ်တင်တဲ့အပိုင်းမှာ အထူးလေ့ကျင့် သင်ကြားထားသူလည်း မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေ ဘေးဒုက္ခ ခံစားနေရချိန်မှာ ” ငါ ဘာလုပ်ပေးနိုင်လဲ ” ဆိုတဲ့ အတွေးတစ်ခုကနေ လူ ၆၆၉ ဦးရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့တာပါ။
Ref: Nicholas Winton
NZ (ရိုးရာလေး)

