အင်ဒိုနီးရှားနိုင်ငံမှ မီးတောင်တစ်လုံး စိုးရိမ်ဖွယ် အခြေအနေ ရောက်နေ

5168.jpg

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာရှိတဲ့ မီးတောင်တစ်လုံးဖြစ်တဲ့ အာဂွန်မီးတောင် (Mount Agung) ဟာ ပေါက်ကွဲဖို့နီးကပ်နေပြီး မီးတောင်ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံတွေကိုလည်း နေရာမှ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေကလည်း မီးတောင်နားတစ်ဝိုက်က ဒေသခံတွေကို အရေးပေါ်အခြေအနေ ကြေညာထားရပြီး ဘာလီကျွန်းက လေယာဉ်ကွင်းကိုလည်း ပိတ်ထားရတယ်လို့သိရပါတယ်။ မီးတောင်အထက် မီတာ ၃၄၀၀ (ပေ ၁၁၁၅၀ ) တစ်ဝိုက်မှာလည်း မီးခိုးတွေ ဝေ့ဆိုင်းနေပြီး နိုင်ငံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ကတော့ ပေါက်ကွဲသံတွေကို မီးတောင်မှ ၁၂ ကီလိုမီတာ (၇ မိုင်) အကွာမှတောင် ကြားနေရတယ် လို့ဆိုပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေကတော့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် မနက် ၆ နာရီ (မြန်မာစံတော်ချိန် မနက် ၄ ခွဲ)ကတည်းက မီးတောင်ပတ်ဝန်းကျင်တစ်ဝိုက်ကို သဘာဝဘေးအန္တရာယ် အဆင့် ၄ သတ်မှတ်ကြေညာထားတယ် လို့သိရပါတယ်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့က တနင်္လာနေ့ မှာတော့ မီးတောင်ဟာ ပြာများကို ဆက်တိုက်မှုတ်ထုတ်နေပြီး မီးတောင်ပတ်ဝန်းကျင်လည်း ဆက်တိုက်လှုပ်ခါနေတယ် လို့ဆိုပါတယ်။

“မီးအလင်းတန်းများဟာ ညဘက်မှာ ပိုပိုများလာပါတယ်။ ဒီလက္ခဏာတွေက မကြာခင်မှာ မီးတောင်မကြာခင်မှာ ပေါက်ကွဲတော့မယ်ဆိုတာကို ပြနေပါတယ်။ ”လို့ နိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဆိုပါတယ်။

အာဏာပိုင်တွေကတော့ မီးတောင်နားတစ်ဝိုက်က ဒေသခံတွေကို နှာခေါင်းစွပ်တွေ ဝေထားပြီး မီးတောင်ပတ်ဝန်းကျင် ၁၀ ကီလိုမီတာ (၆ မိုင်) ခန့်မှာ ဘယ်သူမှ မနေထိုင်ရဆိုတဲ့ အမိန့်ထုတ်ပြန်ထားပါတယ်။

အာဂွန်မီးတောင်ဟာ ပြီးခဲတဲ့ အပတ်ကတည်းက မီးခိုးတွေ မှုတ်ထုတ်နေခဲ့တာ ဖြစ်ပြီး အခုအချိန် မီးတောင်လှုပ်ရှားမှုဟာ ပြီးခဲ့တဲ့ အနှစ် ၅၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်ကာ ၁၉၆၃ ခုနှစ်မီးတောင်ပေါက်ကွဲမှုဖြစ်တုန်းက လူပေါင်း ၁၁၀၀ ကျော်သေဆုံးခဲ့တယ် လို့သိရပါတယ်။

လက်ရှိအချိန်မှာ လူပေါင်း ၂ သောင်းခွဲခန့်ဟာ ယာယီတဲအိမ်လေးတွေမှာ ပြောင်းရွှေ့နေထိုင်နေကာ ဒီလအတွင်းမှာ လူပေါင်း တစ်သိန်းလေးသောင်းခန့် ပြောင်းရွှေ့ခဲ့ရတယ် လို့သိရပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာတဲ့ ဘာလီကျွန်းဟာ မီးတောင်ကြောင့် လူတွေကို ဘေးကင်းရာသို့ပို့နေရတဲ့အတွက် ဒေါ်လာ သန်း ၁၁၀ ခန့် နစ်နာနေတယ်လို့ အာဏာပိုင်တွေရဲ့ ခန့်မှန်းချက် အရသိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမြေမျက်နှာပြင်တွေ မကြာခဏ ဆောင့်မိတတ်တဲ့ ပစိဖိတ် Ring of Fire ဇုံအတွင်းမှာ တည်ရှိတဲ့အတွက် မီးတောင်နဲ့ မြေငလျင်တွေ ခဏခဏလှုပ်တတ်တယ်လို့သိရပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်ရှင်ပေါင်း ၁၃၀ ခန့်ရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။

Ref : News : Mount Agung: Bali volcano alert raised to highest level

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top