ဟောင်ကောင်ဝါရင့်ကွန်ဖူးမင်းသားကြီး လောင်စီလွန်းဟာ ဇန်နဝါရီ၁၄ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်ချိန်မှာ အသက် ၇၇ နှစ်ရှိပါပြီ။ ဒီသတင်းကို သူ့ရဲ့သူငယ်ချင်းကတဆင့် ဟောင်ကောင်မီဒီယာက အတည်ပြုပေးခဲ့တာပါ။
လက်ရှိမှာတော့ စီလွန်းရဲ့မိသားစုတွေက သူ့ရဲ့နာရေးအတွက် ပြင်ဆင်နေပြီး ဇန်နဝါရီ ၂၆ ရက်နေ့ကျ ရှန်ကျန်းမှာ ဈာပနအခမ်းအနားကို ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ စီလွန်းက နှလုံးအလုပ်မလုပ်တော့တဲ့အခြေအနေကြောင့် သေဆုံးသွားခဲ့တာပါ။

ဂျက်ကီချမ်းနဲ့ စတီဖင်ချောင်တို့ကလည်း လောင်စီလွန်း ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး သူတို့ရဲ့လူမှုမီဒီယာအကောင့်တွေမှာ ပို့စ်တွေတင်ခဲ့ပါတယ်။
“ကျွန်တော် ပေကျင်းကို ပြန်ရောက်ရုံပဲရှိသေးတယ်။ စီလွန်းသေဆုံးတဲ့သတင်းကို ကြားရလို့ ထိတ်လန့်သွားခဲ့ရတယ်။ တခဏတာတော့ မယုံကြည်နိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့မှတ်ဉာဏ်ထဲမှာတော့ သူဟာ အမြဲတမ်း ရိုးရာကိုယ်ခံပညာပုံစံအမျိုးမျိုးမှာ ကျွမ်းကျင်တဲ့ ကွန်ဖူးမာစတာ ဖြစ်ခဲ့တာပါ။ သူ့ရဲ့ဇာတ်ကားနဲ့ တီဗီစီးရီးတွေအတွက် ဘဝမှာ သူ သင်ယူခဲ့ရတဲ့အရာတွေကို အသုံးချခဲ့ပြီး ထူးချွန်တဲ့ကိုယ်ခံပညာနည်းတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အထင်ကရဇာတ်ကောင်တွေကို သရုပ်ဆောင်ခဲ့ပြီး ကြည့်ရှုသူတွေရဲ့ ချစ်ခင်မှုကို ခံခဲ့ရပါတယ်။ ကျွန်တော်တို့အများစုက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအဖြစ် လေးစားအားကျခဲ့ရပါတယ်။ အစ်ကိုလောင်ရေ…ပေကျင်းမှာ နှင်းတွေကျနေပြီ။ ကောင်းကင်က တိမ်ထူနေတယ်။ လွမ်းတယ်”လို့ ဂျက်ကီချမ်းက ရေးသားခဲ့ပါတယ်။
စတီဖင်ချောင်ကလည်း “မစ္စတာလောင်စီလွန်းကို ထာဝရ လွမ်းနေရတော့မယ်”လို့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပါတယ်။
မင်းသားကြီးလောင်စီလွန်းဟာ ၁၉၇၀ ပြည့်နှစ်မှာ ဟောင်ကောင်အနုပညာလောကထဲ စတင်ဝင်ရောက်ခဲ့တာပါ။ ကိုယ်ခံပညာအက်ရှင်ဇာတ်ကားတွေနဲ့ ဒရာမာတွေမှာ အများဆုံးပါဝင်ခဲ့ပါတယ်။ သူ့ကို ဟောင်ကောင်မှာ ဘရုစလီ၊ ဂျက်ကီချမ်း၊ တီလွန်းတို့နဲ့အတူ နဂါး ၄ ကောင်မှာ တစ်ဦးအဖြစ် လူသိများပါတယ်။
Legendary Fok (1981) ၊ The Fist (1982)၊ Kung Fu Hustle (2004) စတဲ့ နာမည်ကြီးဇာတ်ကားတွေနဲ့အတူ အထင်ကရဖြစ်တဲ့ ဇာတ်ကောင်တွေအဖြစ် နှစ်တော်တော်ကြာ သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ Douyin အကောင့်မှာ အကြောင်းအရာ ဖန်တီးရာမှာ တက်ကြွစွာပါဝင်ခဲ့ပြီး Kung Fu Hustle မှာ ပါဝင်ဖို့ စတီဖင်ချောင်ကို ၃ ကြိမ် ငြင်းပယ်ခဲ့မှုနဲ့ သူတို့ရဲ့လစာအငြင်းပွားမှုအကြောင်း မျှဝေခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်မှာ လူသိများသွားခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့က သူ့ကို ပွဲတစ်ခုမှာ သိုးသားဟော့ပေါ့စားနေတာကို တွေ့မြင်ခဲ့ရပြီး ကျန်းမာရေးအခြေအနေကောင်းမွန်နေပုံရတယ်လို့တောင် ဟောင်ကောင်မီဒီယာက ဖော်ပြခဲ့ပါသေးတယ်။
Ref: Hong Kong action star Leung Siu Lung dies aged 77
WL (ရိုးရာလေး)

