ဖောက်ပြန်သူခင်ပွန်းကို ပြန်တောင်းပန်ရမယ်လို့ အမိန့်ချမှတ်ခံရပေမဲ့ ပါးနပ်စွာ ပညာပေးခဲ့တဲ့ အမျိုးသမီး

Niu-Na-2.jpg

အိမ်ထောင်ရေး ဖောက်ပြန်နေတဲ့ ခင်ပွန်းသည်အား ပြန်တောင်းပန်ရန် အမိန့်ချမှတ်ခံခဲ့တဲ့ အမျိုးသမီးဟာ တရုတ်လူမှုကွန်ရက်မှာ ထင်ပေါ်ကျော်ကြားနေပါတယ်။ နီယိုနာရဲ့ ခင်ပွန်းဟာ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေခဲ့တာဖြစ်ပြီး အိမ်ထောင်ရေးဖောက်ပြန်မှု သက်သေအထောက်အထားအားလုံးကို နီယိုနာက လူမှုကွန်ရက်ပေါ် တင်ခဲ့တာပါ။

နီယိုနာရဲ့ခင်ပွန်းနဲ့ ဖောက်ပြန်နေတဲ့ အမျိုးသမီးကလည်း အိမ်ထောင်ရှိပါတယ်။ သူတို့အကြောင်းတွေကို နီယိုနာက လူမှုကွန်ရက်ပေါ် တင်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဖောက်ပြန်သူနှစ်ဦးက နီယိုနာကို တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ နီယိုနာက ဖောက်ပြန်သူနှစ်ဦးကို ပြန်တောင်းပန်ရမယ်လို့ တရားသူကြီးက ဆုံးဖြတ်ခဲ့ပြီး တောင်းပန်စာကို သူ့ရဲ့လူမှုကွန်ရက်မှာ ၁၅ ရက်တိုင်တိုင် ဖော်ပြထားရမယ်လို့ အမိန့်ချမှတ်ခဲ့တာပါ။ တရားရင်ဆိုင်မှုမှာ ရှုံးနိမ့်ခဲ့ပေမဲ့ နီယိုနာကတော့ အရှုံးကနေ အမြတ်ထုတ်နိုင်ခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ သူဟာ တောင်းပန်မှုနဲ့အတူ ခင်ပွန်းဖြစ်သူက အခြားအမျိုးသမီးအတွက် တန်ဖိုးကြီး အသုံးအစောင် ပစ္စည်းတွေ ဝယ်တဲ့အကြောင်း၊ ဒါပေမဲ့ အိမ်ဖိုးငွေ ပေးသွင်းဖို့၊ သမီးဖြစ်သူ ကျောင်းစရိတ်အတွက် ငွေပေးခြင်း မရှိကြောင်း၊ သမီးကို ကျောင်းကြိုဖို့တောင် အချိန်မပေးကြောင်း၊ အိမ်တွင်းရေး အကြမ်းဖက်မှုတွေ ကျူးလွန်တဲ့အကြောင်း၊ ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်ဖို့ အချိန်ရှိကြောင်း ဗီဒီယိုတွေထဲမှာ ထည့်ပြောခဲ့တာပါ။

အဲဒီဗီဒီယိုတွေဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့သွားပြီး ဗီဒီယိုတစ်ခုချင်းစီဟာ ကြည့်ရှုမှုအကြိမ်ရေ သန်းချီ ရှိသလို နှစ်သက်သူ ၅ သိန်းကျော်အထိ ရှိနေတာ တွေ့ရပါတယ်။ နီယိုနာရဲ့ ရုပ်သံမှတ်တမ်းတွေ ပျံ့နှံ့သွားပြီးနောက်မှာတော့ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်သူ အမျိုးသမီးနှစ်ဦးလုံးကို သူတို့ကုမ္ပဏီက အလုပ်ထုတ်ပစ်ခဲ့ပါတယ်။

Ref: Woman Forced to Publicly Apologize to Cheating Husband Becomes Social Media Sensation

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top