ကျောင်းသား/သူတွေကတော့ အဗ္ဗဒူမာလစ်ကို ချစ်စနိုးနဲ့ ဘောကွင်းဆရာလို့ ခေါ်ကြပါတယ်။ သူဟာ နှစ် ၂၀ တိုင်တိုင် မြစ်ကို ရေကူးဖြတ်သန်းပြီး ပျက်ရက်မရှိ စာလာသင်ပေးခဲ့တဲ့ သင်္ချာဆရာ ဖြစ်ပါတယ်။

ကီရာလာပြည်နယ်၊ မာလာပူရမ်ခရိုင်၊ ပဒီနာတူမူရီမြို့ငယ်လေးမှာ စာသင်တဲ့ အဗ္ဗဒူမာလစ်ဟာ သူ့အိမ်ကနေ ကျောင်းကို ရောက်ဖို့ ဘတ်စ်ကားစီးရင် ၁၂ ကီလိုမီတာအကွာအဝေးကို ကား ၃ ဆင့် ပြောင်းစီးရမှာဖြစ်ပြီး ၃ နာရီကြာမြင့်မှာဖြစ်လို့ အတန်းချိန်အမီ ရောက်ဖို့ မလွယ်တာကြောင့် မြစ်ကို ဖြတ်ပြီး ကျောင်းကို လာလေ့ရှိပါတယ်။
နေပူပူ၊ မိုးရွာရွာ၊ ပိုးမွှားအန္တရာယ် စိုးရိမ်ရတဲ့ကာလဖြစ်ဖြစ် ဘယ်လိုအခြေအနေမျိုးမှာမဆို အဗ္ဗဒူမာလစ်က ကျောင်းမပျက်ခဲ့ပါဘူး။ သူဟာ ၁ ကီလိုမီတာ အကွာအဝေးကို ၁၅ မိနစ်၊ မိနစ် ၂၀ ကြာအောင် ရေကူးပြီး ကျောင်းလာလေ့ရှိပါတယ်။ ကျောင်းကို အချိန်မှန် လာလေ့ရှိသူဖြစ်လို့ တချို့ဒေသခံတွေဆိုရင် အဗ္ဗဒူမာလစ် ကျောင်းလာချိန်ကို ကြည့်ပြီး နာရီတိုက်ကြလေ့ရှိတယ်လို့တောင် ဆိုကြပါတယ်။
အဗ္ဗဒူမာလစ်ဟာ ကျောင်းမှာဝတ်မယ့် အဝတ်အစားနဲ့ ထမင်းဘူးကို လက်က ကိုင်၊ ဘောကွင်းကို ခါးမှာစွပ်ပြီး မြစ်ကို ကူးဖြတ်လာလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဘောကွင်းဆရာလို့ ချစ်စနိုး ခေါ်ကြတာပါ။ သူဟာ ကျောင်းအုပ်ကြီးဖြစ်သွားချိန်မှာလည်း ဒီအစဉ်အလာကို မဖျက်ခဲ့ပါဘူး။

သူက ကျောင်းသားတွေကို သင်္ချာသင်ပေးတဲ့အပြင်၊ ရေကူးနည်း၊ မြစ်အတွင်း သန့်ရှင်းရေးလုပ်ပုံလုပ်နည်းတွေကိုလည်း သင်ကြားပြသပေးခဲ့ပါတယ်။ အဗ္ဗဒူမာလစ်ရဲ့ စာသင်ကြားပေးဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ခံယူချက်ဟာ ဒေသတွင်းမှာသာမက နိုင်ငံတကာ သတင်းစာမျက်နှာတွေအထိပါ ပျံ့နှံ့ခဲ့ပါတယ်။
Ref: A Daily Journey Like No Other
NZ ( ရိုးရာလေး)