ကိုဗစ်ပျောက်ကင်းပြီးနောက် ကြုံတွေ့ရမယ့် ရေရှည်အကျိုးဆက်ကို အမျိုးသမီးတစ်ဦး ထုတ်ပြောပြ

12-10-2020-yyl-012-1.jpg

ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရချိန်မှာ ခံစားရတဲ့ရောဂါလက္ခဏာတွေကလည်း ခံရခက်တဲ့အပြင် ရောဂါပျောက်ကင်းသွားပြီးနောက် ကြုံတွေ့ရမယ့် ရောဂါရဲ့ရေရှည်အကျိုးဆက်ကလည်း ဆိုးရွားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက ရောဂါရဲ့ ရေရှည်အကျိုးဆက်တွေကို ထုတ်ပြောပြခဲ့ပါတယ်။ အဲဒါက သူ့ဘဝကို ပြောင်းလဲစေခဲ့တယ်လို့လည်း ဆိုပါတယ်။

အင်္ဂလန်အရှေ့မြောက်ပိုင်းမှာ တည်ရှိတဲ့ North Shields မြို့လေးက ရိုဝီနာ ရက်ဆဲလ် (Roweena Russell) ဆိုတဲ့ အမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အစောဆုံးလက္ခဏာရပ်တွေကို ဧပြီလ ၉ ရက်နေ့မှာ စတင်ခံစားခဲ့ရပါတယ်။ သူဟာ အသက်ရှုရခက်လာပြီး ပင်ပန်းနွမ်းလျသလို ခံစားခဲ့ရပါတယ်။ နောက်ရက်အနည်းငယ်မှာ အရမ်းအားအင်မကုန်ခန်းခင် မှတ်ဉာဏ်ချို့ယွင်းတာ၊ အော့အန်တာနဲ့ အဆက်မပြတ်မူးဝေတာတွေ ခံစားခဲ့ရပြီး အရေးပေါ်ကားကို လှမ်းပြီး ခေါ်ခဲ့ရပါတယ်။ အခုဆိုရင် ရိုဝီနာက ကိုရိုနာဗိုင်းရပ်စ်မရှိတော့တာ (၆) လရှိသွားပါပြီ။ ဒါပေမဲ့ သူ့ဘဝကို ပြောင်းလဲသွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရေရှည်လက္ခဏာရပ်တွေကို ခံစားနေရတုန်းပါပဲ။

ဒီရောဂါလက္ခဏာတွေ ခံစားနေရတာက ရိုဝီနာတစ်ယောက်တည်းတင်မဟုတ်ပါဘူး။ ကိုဗစ်ခံစားခဲ့ရဖူးတဲ့ လူတော်တော်များများ ကြုံတွေ့ခဲ့ရပါတယ်။ အကြာကြီးပင်ပန်းနွမ်းလျတာ၊ အသက်ရှုရခက်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ အာရုံစူးစိုက်နိုင်စွမ်းမရှိတာကစလို့ ကြွက်သား၊ အဆစ်အမြစ်နဲ့ ရင်ဘတ်နာကျင်တာအထိ UK မှာလူ (၆၀,၀၀၀) နဲ့ (၆၀,၀၀၀) အထက်တွေက ရောဂါပျောက်ကင်းပြီး (၃) လကျော်လောက် ကြုံတွေ့ခံစားခဲ့ရတယ်လို့ King’s College ရဲ့လေ့လာချက်အရ သိရပါတယ်။

“Long-Covid” လို့ သိထားကြတဲ့ ကျန်းမာရေးအခြေအနေကို တရားဝင်သတ်မှတ်မထားပေမဲ့ အဲဒီလိုခံစားနေရတဲ့သူတွေ အများကြီးရှိနေပါတယ်။ “ကိုဗစ် ကူးစက်မခံရခင်က ကျွန်မ ကျန်းမာရေးကောင်းပါတယ်။ ကင်းမြှီးကောက်ထောင်တာ၊ ကျွမ်းထိုးတာတွေ လုပ်နိုင်ပြီး မိုင် (၆၀) ကျော်လောက် စက်ဘီးပုံမှန်စီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်မှာ ခြေလှမ်း (၆,၀၀၀) လမ်းလျှောက်ခဲ့တယ်။ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီးကလည်းက ကျွန်မလုပ်နိုင်တာ ဒါအများဆုံးပါပဲ။ ခြေလှမ်း (၆,၀၀၀) လမ်းလျှောက်လို့ရလာတဲ့နာကျင်မှုတွေကို ပြန်လည်သက်သာလာဖို့ အချိန် (၃) ရက်လောက်ယူခဲ့ရတယ်။ အရင်တုန်းကဆို (၁၀) မိနစ်လောက်ပါပဲ။ ကျွန်မရဲ့ဦးနှောက်က ဆုံးရှုံးစွာ ကူးစက်ခံခဲ့ရပြီး အခုဆိုရင် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့ဘူး”လို့ ရိုဝီနာက ပြောပါတယ်။

ဆက်လက်ပြီး ရိုဝီနာက ” အာရုံစိုက်ဖို့ တကယ်ခက်ခဲပါတယ်။ ကျွန်မ အရမ်း အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းလျသလို ခံစားရတယ်။ နေ့တိုင်း ရင်ဘတ်နဲ့ ကျောက်ကပ်တွေမှာ နာကျင်သလိုခံစားရတယ်။ နှလုံးခုန်နှုန်းလည်းမကောင်းပါဘူး။ ကျွန်မပါးစပ်မှာ သွေးအရသာကို အဆက်အပြတ်ခံစားနေရတဲ့အတွက် တစ်ချိန်လုံး မအီမသာဖြစ်နေရပါတယ်။ လက်တွေနဲ့ခြေထောက်တွေကလည်း ရောင်ရမ်းနေပါတယ်။ အခုဆို ကျွန်မရဲ့လက်တွေ ပုံစံတောင်ပြောင်းသွားပါပြီ။ ကျွန်မရဲ့ တစ်နေ့တာအစားအစာကို လုံးဝကို ပြောင်းလဲပစ်ခဲ့ရပါတယ်”လို့ ဆိုပါတယ်။

စက်တင်ဘာလတုန်းက ရိုဝီနာဟာ ရင်ဘတ်မှာ နာကျင်မှုကို ပြင်းပြင်းထန်ထန်ခံစားနေရတဲ့အတွက် မနက် (၄) နာရီမှာ ကြောက်လန့်ကာ နိုးထလာခဲ့ပြီးနောက် နှလုံးရောဂါလက္ခဏာရပ်ကြောင့် ဆေးရုံကို အမြန်သွားခဲ့ရပါတယ်။ အဲဒီကတည်းက နေ့တိုင်း နှလုံးအောင့်နေရပြီး မကြာသေးခင်ကမှ ဗိုင်းရပ်စ်ကြောင့် ဖြစ်စေခဲ့တဲ့ ပျက်စီးမှုတွေကို သေချာသိရဖို့ သူ့နှလုံးနဲ့ အဆုတ်တွေကို ဆေးစစ်ခဲ့ရပါတယ်။ အခု ရလဒ်ကို စောင့်ဆိုင်းနေရပြီး သူ့ရဲ့ရောဂါလက္ခဏာကြောင့် အလုပ်တောင်မလုပ်နိုင်တော့ပါဘူး။ ရိုဝီနာနဲ့အတူ အဲဒီလိုလက္ခဏာတွေခံစားနေရတဲ့ လူထောင်ချီကလည်း နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုပြီး စိုးရိမ်နေကြရပါတယ်။

Ref: Ladbible “Woman With ‘Long Covid’ Left Tasting Blood And Her Hands
‘Changed Shape'”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top