ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးဌာနရဲ့ ဝန်ထမ်းတစ်ဦးဖြစ်သူ ဖာဒီနန်နာဆစ်ဆိုဟာ နှစ် ၂၀ နီးပါး ကြိုးပမ်းခဲ့ပြီးနောက်မှာတော့ သမီးဖြစ်သူနဲ့အတူ ရှေ့နေစာမေးပွဲ အောင်ခဲ့ပါပြီ။ အသက် ၅၇ နှစ်အရွယ်ရှိတဲ့ ဖာဒီနန်နာဆစ်ဆိုဟာ အလုပ်သမားအရေး၊ ဒေသအရေး ဆောင်ရွက်မှုတွေမှာ လုပ်ပိုင်ခွင့် ပိုကျယ်ပြန့်လာဖို့ ရည်ရွယ်ပြီး ရှေ့နေစာမေးပွဲ ဝင်ဖြေခဲ့တာပါ။
သူဟာ နေ့ဘက်မှာ အလုပ်လုပ်၊ ညဘက်ဆို ကျောင်းတက်ပြီး ရှေ့နေစာမေးပွဲ ဝင်ဖြေခဲ့ပေမဲ့၂၀၀၅ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ၄ ကြိမ်တိုင်တိုင် ကြိုးပမ်းမှုတွေ မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ မိသားစုအရေးကို ရှေ့တန်းတင်ဖို့ နာဆစ်ဆိုက သူ့ရည်မှန်းချက်ကို ဘေးချိတ်ခဲ့ရပါတယ်။
နာဆစ်ဆိုရဲ့ သမီး မေရီဂျွိုက်စ်က ဓာတုဗေဒဘာသာရပ်နဲ့ ဘွဲ့ရထားသူဖြစ်ပြီး သူ တတ်ထားတဲ့ပညာရပ်နဲ့ လုပ်ငန်းခွင်ဝင်နေသူပါ။ ဒါပေမဲ့ လူမှုဝန်းကျင်ထဲက အရေးကိစ္စတွေ၊ အကျင့်ပျက်ချစားမှုတွေ၊ တရားဥပဒေအရာရှိတွေအပေါ် အကြမ်းဖက်မှုတွေအကြောင်း မြင်တွေ့လာရပြီးနောက် ရှေ့နေစာမေးပွဲဝင်ဖြေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရှေ့နေစာမေးပွဲဟာ ဖိလစ်ပိုင်နိုင်ငံမှာ အခက်ခဲဆုံး စာမေးပွဲတစ်ခုပါ။
နာဆစ်ဆိုတို့ သားအဖနှစ်ယောက်ဟာ အတူတူ စာလေ့လာ၊ မှတ်သားခဲ့ကြပြီး ၂၀၂၅ ခုနှစ် ရှေ့နေစာမေးပွဲကို ဝင်ရောက်ဖြေဆိုရာမှာတော့ သားအဖနှစ်ယောက်လုံး စာမေးပွဲ အောင်ခဲ့တာပါ။ ဒါဟာ စာမေးပွဲ အောင်မြင်မှုတစ်ခုသာ မဟုတ်ဘဲ မလျှော့သော ဇွဲ၊ လုံ့လကြောင့် အိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ ပြယုဂ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
Ref: Best duo! Father and daughter pass the 2025 Bar Exams
NZ (ရိုးရာလေး)

