ဆေးဖိုး၊ ကျောင်းစရိတ် လိုအပ်နေသူတွေအတွက် အမည်မဖော်ဘဲ ကူညီပေးနေတဲ့ မင်းသားနေယာ

Kunal_Nayyar_at_Berlinale_2024.jpg

” ဘယ်သူကမှ မင်းအတွက် ကမ္ဘာကြီးကို လာပြောင်းလဲပေးမှာ မဟုတ်ဘူး။ ကိုယ်တိုင်ပဲ ကြိုးစားရမှာ”

The Big Bang Theory ရုပ်သံစီးရီးထဲမှာ ရူပဗေဒပညာရှင် ကူသရာပါလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား နေယာက အခုလို ပြောခဲ့တာပါ။

အသက် ၄၄ နှစ်အရွယ်ရှိတဲ့ ဗြိတိန် – အိန္ဒိယနွယ်ဖွား မင်းသား နေယာဟာ ရုပ်ရှင်လောကမှာ အောင်မြင်မှုရရှိနေပြီး ရရှိလာတဲ့ ဝင်ငွေတွေကိုလည်း ဆေးကုသဖို့ မတတ်နိုင်သူတွေ၊ ပညာသင်ဖို့ အခက်တွေ့နေသူတွေအတွက် တိတ်တဆိတ် ပြန်လည်လှူဒါန်းနေသူပါ။

သူဟာ ညဘက် အားလပ်ချိန်ရောက်ရင် GoFundMe စာမျက်နှာတွေကို လိုက်ကြည့်ရင်း ဆေးဖိုး လိုအပ်နေသူတွေအတွက် အလှူငွေ ပေးပို့လေ့ရှိပြီး ဒီအကြောင်းကိုလည်း အရင်က တစ်ခါမျှ ထုတ်မပြောခဲ့ဖူးပါဘူး။

” ကျွန်တော့်အတွက်တော့ ငွေဆိုတာ ဝန်ထုပ်ဝန်ပိုး မဟုတ်ပါဘူး။ လူတွေရဲ့ဘဝကို ပြောင်းလဲပေးနိုင်ဖို့၊ လူ့အဖွဲ့အစည်းအတွက် ပြန်လည်ပေးဆပ်နိုင်ဖို့ အကြီးမားဆုံး လက်ဆောင်တစ်ခုပါပဲ”လို့ နေယာက ဆိုပါတယ်။

သူတို့ဇနီးမောင်နှံဟာ ခွေးချစ်တတ်တဲ့သူတွေဖြစ်လို့ တိရစ္ဆာန်ပရဟိတအဖွဲ့အစည်းတွေကိုလည်း အစဉ်အမြဲ လှူဒါန်းလေ့ရှိပါတယ်။

” အခုလက်ရှိမှာ လူတွေ မပျော်ရွှင်ကြဘူး။ ဘာကြောင့်လဲဆိုတော့ လူတွေအားလုံးက အခြားသူတစ်ဦးတစ်ယောက်ဆီက သနားကြင်နာမှုကို မျှော်လင့်နေကြလို့ပါပဲ။ သမ္မတ ဒါမှမဟုတ် ခေါင်းဆောင်တစ်ယောက်၊ နိုင်ငံရေးသမားတစ်ယောက်ယောက်က ကမ္ဘာကြီးကို ငြိမ်းချမ်းအောင် လုပ်ပေးမယ်လို့ မျှော်လင့်နေတဲ့ စိတ်ကြောင့်ပါပဲ”လို့ နေယာက ဆိုပါတယ်။

အဲဒီလို မျှော်လင့်နေမယ့်အစား အမှန်တကယ် ပြောင်းလဲမှုကို လိုချင်ရင် သေးငယ်တဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်သင့်တယ်လို့ နေယာက အကြံပြုခဲ့ပါတယ်။

Ref: Big Bang Theory Star Secretly Pays Off Strangers’ Medical Bills On GoFundMe

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top