အကောင်းဆုံးမင်းသားအော်စကာဆုအတွက် လျာထားခံရတဲ့ ပထမဆုံးအာရှအမေရိကန်မင်းသားဖြစ်လာခဲ့တဲ့ စတီဗန် ယွန်

gettyimages-959445632.jpg

ကိုရီးယား-အမေရိကန်မင်းသားချော စတီဗန် ယွန် (Steven Yeun) ဟာ အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) ရဲ့အကောင်းဆုံးမင်းသားဆုအတွက် လျာထားခံရတဲ့ ပထမဆုံးအာရှအမေရိကန်သရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။ စတီဗင်ယွန်ဟာ အော်စကာဆုအတွက် သမိုင်းသစ်စိုက်ထူလိုက်တာပါပဲ။ အော်စကာဆု (၆) ခုအတွက် ဆန်ကာစာရင်းဝင်ထားတဲ့ Minari ဇာတ်ကားက ဂျာကော့ဘ် (Jacob) ဇာတ်ရုပ်နဲ့ အကောင်းဆုံးမင်းသားဆုအတွက် လျာထားခံရတာဖြစ်ပါတယ်။

စတီဗန်ဟာ သူ့ရဲ့အိပ်မက်နောက်လိုက်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်ကနေ အာကင်ဆောပြည်နယ်လယ်တောထဲ ပြောင်းရွှေ့နေထိုင်တဲ့ ကိုရီးယားရွှေ့ပြောင်းနေထိုင်သူ ဂျာကော့ဘ်အဖြစ် သရုပ်ဆောင်ထားတာပါ။ သူဟာ အဲဒီဇာတ်ရုပ်နဲ့ Screen Actor’s Guild နဲ့ Critics Choice Movie Awards တွေနဲ့လည်း ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စတီဗန် ယွန်ဟာ မကြာသေးခင်ကမှ CBS သတင်းဌာနက ထရေစီ စမစ် (Tracy Smith) နဲ့ အဲဒီရုပ်ရှင်ဇာတ်ကားအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ “ကျွန်တော် ဇာတ်ညွှန်းကို ဖတ်လိုက်တော့ ကျွန်တော် ဇာတ်လမ်းထဲ မျောသွားခဲ့တယ်။ မျက်ရည်ကျလာခဲ့တယ်။ စာမျက်နှာပေါ်မှာ ကျွန်တော့်ဘဝနဲ့ ဆင်တူတဲ့ ဘဝမျိုးကို မြင်လိုက်ရတော့ တကယ်ကို နေရာတစ်ခုကနေ လွှတ်မြောက်သွားသလို ခံစားရတယ်”လို့ စတီဗန်က ဆိုပါတယ်။

စမစ်က “ဒီဇာတ်လမ်းက မင်းကို မျက်ရည်ကျစေခဲ့တာလား” လို့မေးတော့ စတီဗန်က “ ဟုတ်တာပေါ့။ ဒါက ကျွန်တော့်ကို မျက်ရည်ကျစေခဲ့တယ်။ ဒီဇာတ်လမ်းတစ်ခုလုံးမှာ ကျွန်တော် ငိုနေခဲ့ရတယ်”လို့ ဖြေခဲ့ပါတယ်။

စတီဗန် ယွန်အပြင် Minari ကို ရိုက်ကူးတဲ့ စာရေးဆရာဒါရိုက်တာ လီ အစ္စ ချောင် (Lee Isaac Chung) ဟာ သူ့မိသားစုရဲ့ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားကို ဥက္ကလာဟိုးမားမှာ (၂၅) ရက်ကျော် ရိုက်ကူးခဲ့ရတာပါ။ လီကလည်း အကောင်းဆုံးဒါရိုက်တာဆုနဲ့ အကောင်းဆုံးဇာတ်ညွှန်းဆုအတွက် ဆန်ကာတင်စာရင်းထဲ ပါဝင်ခဲ့ပါတယ်။

အရင်က အာရှဒါရိုက်တာတော်တော်များများ ဆန်ကာတင်စာရင်းထဲပါဝင်ခဲ့ပေမဲ့ အန် လီ (Ang Lee) နဲ့ ဘုံဂျွန်ဟို (Bong Joon Ho) တို့ကတော့ အကောင်းဆုံးဒါရိုက်တာဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပထမဆုံးအာရှဒါရိုက်တာတွေပါပဲ။ ပြီးခဲ့သည့်နှစ် အော်စကာဆုပေးပွဲမှာ Jဒါရိုက်တာ ဘုံဂျွန်ဟိုက “Parasite” ဇာတ်ကားနဲ့ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့တာပါ။

အခုနှစ်အော်စကာဆုပေးပွဲကတော့ သမိုင်းတွင်စေမှာဖြစ်ပါတယ်။ အကောင်းဆုံးဒါရိုက်တာဆုစာရင်းမှာ ချာလို ကျောင် (Chloe Zhao) နဲ့ အီမာရယ် ဖန်နယ်လ် (Emerald Fennell) ဆိုတဲ့ အမျိုးသမီးဒါရိုက်တာ (၂) ဦးပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လကမှ ပေကျင်းမှာမွေးဖွားခဲ့တဲ့ ချာလို ကျောင်ဟာ Golden Globe Awards ဆုပေးပွဲမှာ အကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top