ခက်ခဲနေချိန်မှာတောင် ရိုးသားခဲ့သူအတွက် ပြန်ရခဲ့တဲ့ ဆုလာဘ်

7X6CUYLNIBHLHCBSNXMQBSLZ3A.jpg

အမေရိကန်နိုင်ငံ မစ်ချီဂန်ပြည်နယ်မှာ နေထိုင်တဲ့ ဟောင်းဝပ်ကာဘီ (Howard Kirby)ဟာ သူ့တကိုယ်ရေစာ အနားယူတဲ့အခန်းမှာ သုံးဖို့အတွက် ပရဟိတရန်ပုံငွေအဟောင်းဆိုင်ကနေ ဆိုဖာနဲ့ ခြေတင်ခုံတစ်လုံးကို ဒေါ်လာ ၇၀ ဝန်းကျင်နဲ့ ဝယ်ယူခဲ့ပါတယ်။

သူဟာ ခြေတင်ခုံကို အသုံးပြုရင်း နည်းနည်းကြာလာတော့ ခိုးလိုးခုလု ဖြစ်နေတဲ့ အရာတစ်ခုကို သတိပြုမိခဲ့ပါတယ်။ ဟောင်းဝပ်ကာဘီက ချွေးမဖြစ်သူကို ဒီအကြောင်း ပြောပြတဲ့အခါ သူ့ချွေးမက ခြေတင်ခုံအစွပ်ကို ဇစ်ဖွင့်ကြည့်လိုက်တော့ ငွေသားအထပ်လိုက် တွေ့ရှိခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၄၃,၁၇၀ ဒေါ်လာတိတိပါပဲ။

အဲဒီအချိန်တုန်းက ဟောင်းဝပ်ကာဘီဟာ နေအိမ်ခေါင်မိုး အသစ်လဲဖို့ ငွေလိုအပ်နေပြီး အခုတွေ့ရှိခဲ့တဲ့ ငွေတွေကို အသုံးပြုလိုက်လို့ ရပါတယ်။ ရှေ့နေတစ်ယောက်နဲ့ တိုင်ပင်ကြည့်တဲ့အခါ ဟောင်းဝပ်ကာဘီအနေနဲ့ ဒီငွေတွေကို ပြန်ပေးဖို့ ဥပဒေအရ တာဝန်မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ သူကတော့ ဒီငွေတွေကို သုံးပစ်ဖို့ စိတ်မသန့်ခဲ့ပါဘူး။

ဟောင်းဝပ်က ပရဟိတရန်ပုံငွေအဟောင်းဆိုင်ကို ဆက်သွယ် စုံစမ်းကြည့်တဲ့အခါ ဒီပစ္စည်းတွေကို ဖီးလစ်ဖော့သ်ဆိုတဲ့ အဖိုးအိုတစ်ဦး ပိုင်ဆိုင်တာဖြစ်ပြီး သူ ကွယ်လွန်သွားချိန်မှာ မြေးမလေးက ရန်ပုံငွေအဟောင်းဆိုင်ထံ ပေးလှူခဲ့ကြောင်း သိလိုက်ရပါတယ်။

ဟောင်းဝပ်က သူ တွေ့ရှိခဲ့တဲ့ ငွေတွေကို မူလပိုင်ရှင်ထံ တပြားမကျန် ပြန်ပေးခဲ့ပြီး ဒီသတင်းက အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဟောင်းဝပ်ရဲ့ ရိုးသားမှုအကြောင်း သိသွားချိန်မှာ လုပ်ငန်းရှင်တွေက သူ့ကို ကူညီပေးဖို့ ဆက်သွယ်လာခဲ့ကြပါတယ်။

ကုမ္ပဏီတစ်ခုက ဟောင်းဝပ်ရဲ့ အိမ်ခေါင်မိုး အသစ်လဲလှယ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းအားလုံး လှူပေးခဲ့ပြီး ကန်ထရိုက်တာတစ်ယောက်က လုပ်အားခမယူဘဲ အိမ်ခေါင်မိုးအသစ် လဲပေးခဲ့တာပါ။ အမှိုက်သိမ်းတဲ့ ကုမ္ပဏီတစ်ခုကလည်း အမှိုက်ပုံးကြီးတွေ အခမဲ့ လာချပေးခဲ့ပါတယ်။

ဒီဖြစ်ရပ်ကတော့ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့ပြီး ဟောင်းဝပ်ရဲ့ ရိုးသားမှုက သူ့ရဲ့အခက်အခဲတွေကို ဖြေရှင်းပေးပြီးသား ဖြစ်စေခဲ့တာပါ။

Ref: Man finds $43K in a used sofa and return it to the family that had donated its dead grandpa’s couch to charity

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top