အင်တာနက် contentတွေကို အခကြေးငွေပေးပြီး ကြည့်ရှုရတဲ့ လူမှုကွန်ရက်ဝန်ဆောင်မှုတစ်ခု OnlyFans ပိုင်ရှင် လီယို ရက်ဒ်ဗင်စကီဟာ ကင်ဆာရောဂါကို တွန်းလှန်နေရင်းနဲ့ အသက် ၄၃ နှစ်မှာ သေဆုံးသွားခဲ့ပါတယ်။ သူ သေဆုံးသွားပြီဆိုတာကို လီယိုရဲ့ကုမ္ပဏီက အတည်ပြုပေးခဲ့တာပါ။
“လီယို ရက်ဒ်ဗင်စကီ သေဆုံးတဲ့အကြောင်း ကြေညာရတာ ကျွန်တော်တို့ အလွန်ဝမ်းနည်းရပါတယ်။ ကင်ဆာရောဂါကို အချိန်အကြာကြီးတွန်းလှန်ပြီးနောက် ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီခက်ခဲတဲ့အချိန်မှာ လီယိုရဲ့ကိုယ်ရေးကိုယ်တာကို ငဲ့ပေးကြဖို့ သူ့မိသားစုက တောင်းဆိုထားပါတယ်”လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
လီယိုက အမေရိကန်နိုင်ငံကို ပြောင်းရွှေ့မလာခင် ယူကရိန်းမှာ မွေးဖွားခဲ့တာပါ။ ချီကာဂိုမှာ ကြီးပြင်းခဲ့ပြီး Northwestern University ကနေ စီးပွားရေးဘွဲ့ရရှိခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာ လီယိုက လန်ဒန်အခြေစိုက်နည်းပညာကုမ္ပဏီ Fenix International Limited ကို ဝယ်ယူခဲ့ပြီး OnlyFans ပိုင်ဆိုင်ကာ ကုမ္ပဏီရဲ့ ဒါရိုက်တာနဲ့ အများစုရှယ်ယာရှင်အဖြစ် ဆောင်ရွက်ပါတယ်။ Fenix International Limited က လီယိုရဲ့ရှယ်ယာတွေကို ၂၀၂၄ ခုနှစ်ကတည်းက LR Fenix Trust လို့ခေါ်တဲ့ အဖွဲ့အစည်းမှာ ထိန်းသိမ်းထားပါတယ်။
OnlyFans က ၂၀၁၆ ခုနှစ်မှာ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင် တင်မ် စတုပ်လီက စတင်ခဲ့တဲ့ လူမှုကွန်ယက်ဝန်ဆောင်မှုပလပ်ဖောင်းပါ။ နောက်ပိုင်းကျ စာရင်းသွင်းသူတွေကို လိင်ပိုင်းဆိုင်ရာညစ်ညမ်းတဲ့အကြောင်းအရာတွေ ပေးတဲ့ ပလပ်ဖောင်းအဖြစ် ဖန်တီးသူတွေကြား ရေပန်းစားလာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တင်မ်က OnlyFans ရဲ့မိခင်ကုမ္ပဏီရဲ့ရှယ်ယာတွေကို လီယိုဆီ ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ OnlyFans ရဲ့စီအီးအိုရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။
Ref: OnlyFans owner Leo Radvinsky dies following cancer battle, company says
WL (ရိုးရာလေး)

