သယံဇာတကျိန်စာကို နော်ဝေအစိုးရ ဘယ်လို ရှောင်ရှားခဲ့သလဲ?

yai.jpg

၁၉၆၉ ခုနှစ် ခရစ္စမတ်အကြိုနေ့ . . .။

နော်ဝေနိုင်ငံ ကမ်းလွန်ဘက် မြောက်ပင်လယ်ထဲမှာ အမေရိကန်ရေနံကုမ္ပဏီ Phillips Petroleum ရဲ့ တွေ့ရှိမှုက ထူးခြားခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး ကမ်းလွန်ရေနံမြေတစ်ခုဖြစ်တဲ့ The Ekofisk field ကို တွေ့ရှိခဲ့တာပါ။ ဒါဟာ စကင်ဒီနေးဗီးယန်းနိုင်ငံငယ်လေးကို အင်မတန် ချမ်းသာကြွယ်ဝစေမယ့် တွေ့ရှိမှုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နော်ဝေအစိုးရရဲ့ ဆုံးဖြတ်ချက်က ပိုပြီးပြောင်မြောက်ခဲ့ပါတယ်။ ရေနံငွေတွေကြောင့် အခြားနိုင်ငံတွေ ဘယ်လို ကြုံတွေ့ခဲ့ရသလဲဆိုတာကို လေ့လာသုံးသပ်ခဲ့တယ်။ ”သယံဇာတကျိန်စာ”ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ စည်းလုံးညီညွှတ်မှု ပျက်ပြား၊ ပြိုကွဲရတဲ့ အခြေအနေမျိုးကို သူတို့မလိုလားဘူး။

၁၉၉၀ ပြည့်နှစ်မှာ နော်ဝေလွှတ်တော်က အစိုးရရေနံရန်ပုံငွေ (Oil Fund) တည်ထောင်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်တယ်။ စည်းမျဉ်းကတော့ ရှင်းရှင်းလေးပါ။ ရေနံက ရလာတဲ့ အကျိုးအမြတ်မှန်သမျှကို ဒီရန်ပုံငွေထဲ စီးဆင်းစေပြီး ကမ္ဘာတစ်ဝန်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပါပဲ။ နော်ဝေအစိုးရကတော့ အဲဒီကနေ ပြန်ရတဲ့ အကျိုးအမြတ် ရာခိုင်နှုန်းတစ်ခုကိုပဲ သုံးစွဲခွင့် ရှိပါတယ်။

အလွယ်တကူ ရလာတဲ့ ရေနံငွေကြေးကြောင့် ငွေကြေးဖောင်းပွလာတာ၊ ရေနံအပေါ်ပဲ အလွန်အကျွံ မှီခိုအားထားတာမျိုး မဖြစ်အောင် အဲဒီလို စီမံခဲ့ကြတာပါ။

၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ရန်ပုံငွေ စတင်ထည့်ဝင်ခဲ့ကြပြီး ဒီနေ့အချိန်အထိ ဆယ်စုနှစ် ၃ ခုကျော်ကြာကာလအတွင်း တက်လာသမျှ နော်ဝေအစိုးရအဖွဲ့တိုင်းက ”ဒီငွေကြေးဟာ အနာဂတ်မျိုးဆက်အတွက်သာ သက်ဆိုင်တယ်ဆိုတဲ့ စည်းမျဉ်းကို” အတိအကျ လိုက်နာဆောင်ရွက်ခဲ့ကြပါတယ်။

နော်ဝေအစိုးရရေနံ ရန်ပုံငွေကနေ Apple ၊ Microsoft ၊ Amazon စတဲ့ နည်းပညာကုမ္ပဏီတွေ၊ မန်ဟတ်တန်၊ လန်ဒန်၊ တိုကျိုစတဲ့ မြို့ကြီးတွေက အိမ်ခြံမြေဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခဲ့ပါတယ်။ ကုမ္ပဏီပေါင်း ၉၀၀၀ ကျော်မှာ ရှယ်ယာတွေ ထည့်ဝင်ခဲ့ပြီး ငွေတိုက်စာချုပ် ဝယ်ယူမှုတွေလည်း လုပ်ခဲ့ကြပါတယ်။

ဒီနေ့အချိန်မှာတော့ နော်ဝေအစိုးရရေနံ ရန်ပုံငွေဟာ အမေရိကန်ဒေါ်လာ ၂ ထရီလျံကျော် ရှိနေပြီး လူဦးရေခွဲတမ်းအရ ( လူဦးရေ ၅.၆ သန်း ရှိ) နော်ဝေနိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၄၀၀၀၀ လောက် ရပိုင်ခွင့်ရှိနေတဲ့ ပမာဏမျိုး ဖြစ်ပါတယ်။ ရေနံရန်ပုံငွေထဲမှာ ငွေကြေးတစ်ဝက်ကျော်ဟာ ရင်းနှီးမြှုပ်နှံမှုကြောင့် တိုးပွားလာတဲ့ငွေကြေးပါ။ ဒါဟာ အကန့်အသတ်ရှိတဲ့ ဝင်ငွေစီးကြောင်းကနေ အကန့်အသတ်မရှိ တိုးပွားလာနိုင်တဲ့ ဝင်ငွေစီးကြောင်းအဖြစ် ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

နော်ဝေအစိုးရ ရေနံရန်ပုံငွေဟာ ကမ္ဘာပေါ်မှာ ရှယ်ယာရောင်းဝယ်နေသမျှ ကုမ္ပဏီအားလုံးရဲ့ ၁.၅ ရာခိုင်နှုန်းလောက်အထိ ရှယ်ယာထည့်ဝင်ထားပါတယ်။ The Ekofisk field ရေနံမြေကနေ ၂၀၅၀ ပြည့်နှစ်အထိပဲ ရေနံထုတ်ယူနိုင်မယ်လို့ ခန့်မှန်းထားကြပြီး ရေနံဝင်ငွေက နောက်ထပ် ၂၅ နှစ်လောက်ပဲ ရတော့မှာပါ။ ဒါပေမဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကြောင့် ရေနံရန်ပုံငွေ ပမာဏက တိုးပွားသထက် တိုးပွားလျက်ရှိပြီး အဲဒီကရလာတဲ့ အကျိုးအမြတ်တွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ ပင်စင်ခံစားခွင့်တွေအတွက် အသုံးပြုခွင့် ရနေပါတယ်။

နော်ဝေနိုင်ငံဟာ ဧရာမရေနံမြေကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက ရေတိုနည်းလမ်းကို ရဲရဲဝံ့ဝံ့ ငြင်းဆန်နိုင်စွမ်း၊ ရေတိုနည်းလမ်းအစား ရေရှည်နည်းလမ်းကို အကောင်အထည် ဖော်နိုင်စွမ်းကိုပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာလည်း နော်ဝေနိုင်ငံက ကမ္ဘာ့အပျော်ရွှင်ဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ စဉ်ဆက်မပြတ် ပါဝင်ခဲ့ပါတယ်။

Ref: The Ekofisk field

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top