မတ်လ ၂၄ ရက်နေ့က ဗီယက်နမ်နိုင်ငံ, ဟနွိုင်းမြို့က အသက် ၂၀ နှစ်အရွယ်တက္ကသိုလ်ကျောင်းသားလေး ငုယန် လီတုဟာ Gym ကနေ အိမ်ပြန်လာစဉ် မီးလောင်နေတဲ့ အဆောက်အဦးတစ်ခုထဲက လူများစွာကို ကယ်တင်ခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ သူဟာ အိမ်ကို ဆိုင်ကယ်စီးပြီးပြန်လာစဉ် Hoang Mai ရပ်ကွက်ရှိ ခြောက်ထပ်အဆောက်အဦးကနေ မီးခိုးမည်းတွေထွက်လာနေတာကို မြင်တွေ့ခဲ့ပါတယ်။
မီးလောင်နေတာဖြစ်ပြီး အဲ့ဒီအဆောက်အဦးထဲမှာ လူ ၇ ဦး ပိတ်မိနေခဲ့ပါတယ်။ ငုယန် လီတုက အခြားလမ်းသွားလမ်းလာတွေနဲ့အတူ အနီးနားက ခေါင်းမိုးပေါ် တက်ခဲ့ပြီး ထွက်လို့ရတဲ့လမ်းကြောင်းတစ်ခုဖန်တီးဖို့ လှိုင်းတွန့်သံခေါင်းမိုးကို ဖောက်ထွင်းခဲ့ပါတယ်။

ငုယန်က လှေကားနဲ့ အသက်ကြီးပိုင်းလူ ၂ ဦးကို အောက်ဆင်းဖို့ ကူညီပေးခဲ့ပြီး မီးခိုးထူထပ်နေတဲ့ အဆောက်အဦးထဲ ဝင်ရောက်ကာ မိသားစုတစ်စု ( အမျိုးသမီး ၂ ဦးနဲ့ ကလေး ၃ ဦး) ကိုကယ်တင်ခဲ့ပါတယ်။ မီးသတ်သမားတွေရောက်လာတဲ့အထိ ကျန်ရှိနေတဲ့မိသားစုတွေကိုလည်း ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ပါတယ်။
သူဟာ အဆောက်အဦးထဲဝင်တဲ့အချိန်တုန်းက မီးခိုးငွေ့ရှုရှိုက်တာကနေကာကွယ်ဖို့သူ့မျက်နှာကို ရေစွတ်ထားတဲ့သူ့ရဲ့ရှပ်အင်္ကျီနဲ့ ဖုံးထားခဲ့တာပါ။ ဒီဖြစ်ရပ်အပြီးမှာ သူနဲ့ အခြားမီးဘေးသင့်သူတွေဟာ မီးခိုးငွေ့ရှုရှိုက်မိတဲ့အတွက် ဆေးရုံတစ်ခုမှာ ကုသမှုခံယူခဲ့ရပါတယ်။

သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်ကြောင့် သူ့ကို Ho Chi Minh Communist Youth Union က “ရဲရင့်တဲ့လူငယ်” ဆုတံဆိပ်နဲ့ ဗီယက်နမ်ရဲ့ပညာရေးဝန်ကြီးဌာနက ချီးကျူးဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ပါတယ်။
Ref: A 20-year-old student from Hanoi ran into a burning building to save seven people who were trapped
WL (ရိုးရာလေး)

