ယာဉ်တိုက်မှုကြောင့် ဆေးကုသမှုခံယူခဲ့ရတဲ့ မိခင်ကို ဆေးကုစရိတ်ကူညီပေးဖို့ သူ့အရုပ်တွေကို အွန်လိုင်းမှာ လေလံတင်ရောင်းချခဲ့တဲ့ ၁၂ နှစ်ကလေးလေး

12.jpg

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတား ပြည်နယ်က အေဂျေ အန်ဖီးလ်လို့ခေါ်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့မိခင်ဖြစ်သူ ဂျိုဒီ အန်ဖီးလ်ဟာ ၂၀၂၆ ခုနှစ် မေလတုန်းက အမှိုက်သယ်ကားတစ်စီးနဲ့ ပြင်းပြင်းထန်ထန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမတော်တဆမှုကြောင့် မိခင်ဖြစ်သူမှာ နံရိုးတွေ ကျိုးကြေခဲ့သလို ပေါင်ရိုးလည်း ကြေမွသွားခဲ့ပြီး ခွဲစိတ်ကုသမှုတွေ ခံယူခဲ့ရတဲ့အပြင် ဆေးကုသစရိတ် အကြွေးတွေပါ တင်ရှိလာခဲ့ပါတယ်။

မိခင်ဖြစ်သူက သားကို စိတ်မပူဖို့ ပြောခဲ့ပေမဲ့ ၇ တန်းကျောင်းသားလေး အေဂျေဟာ မိခင်ရဲ့ ဆေးကုသစရိတ်တွေကို ကူညီဖြေရှင်းပေးချင်တဲ့အတွက် သူအရမ်းမြတ်နိုးရတဲ့ အရုပ်တွေကို အွန်လိုင်းလေလံပွဲလုပ်ပြီး ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့ရဲ့ Lego အရုပ်ဆက်တွေ၊ Hot Wheels ကားလေးတွေ၊ Board games တွေ၊ ပဟေဠိ (Puzzles) တွေ၊ ဇာတ်ကားခွေတွေနဲ့ Star Wars အရုပ်လေးတွေကို လေလံတင် ရောင်းချခဲ့ပါတယ်။ ဒါ့အပြင် လေလံအောင်သူရဲ့ အိမ်အထိ လာရောက်ပြီး မနက်စာချက်ပြုတ်ကျွေးမွေးမယ်ဆိုတဲ့ ဝန်ဆောင်မှုကိုပါ လေလံတင်ခဲ့ရာ သူ့ရဲ့ အဘွားဖြစ်သူက ဝယ်ယူအားပေးခဲ့ပါတယ်။

အေဂျေရဲ့ လေလံပွဲကနေ ဒေါ်လာ ၈၀၀ နီးပါး ရရှိခဲ့ပြီးသူ့ ရဲ့ အရုပ်တွေကို လေလံဆွဲ ဝယ်ယူခဲ့ကြတဲ့ စေတနာရှင်တချို့က သူ့ရဲ့ မိခင်အပေါ် သိတတ်မှုကို လေးစားတဲ့အနေနဲ့ ဝယ်ပြီးသား အရုပ်တွေကို သူ့ဆီ ပြန်လည်ပေးအပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူက အဲဒီအရုပ်တွေကို သူပြန်မယူဘဲ ခရစ္စမတ်နီးလာတဲ့အခါ ကယ်ဆယ်ရေးဂေဟာက ကလေးတွေ လက်ဆောင်ရအောင် သွားရောက်လှူဒါန်းဖို့ စီစဉ်ထားပါတယ်။

အေဂျေဟာ ကျောင်းဘောလုံးအသင်းမှာလည်း အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အင်တာဗျူးမှာတော့ “မိသားစုဆိုတာ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရတာပါပဲ၊ ကျွန်တော် အမေ့ကို တကယ်ဂရုစိုက်လို့ လုပ်ခဲ့တာပါ” လို့ ရိုးရိုးရှင်းရှင်းပဲ ပြန်လည်ဖြေကြားထားပါတယ်။

Ref: 12-year-old Minnesota boy sells his toys so mom in car crash can pay bills

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top