ပိုပြင်းထန်လာတဲ့ အပူဒဏ်ကြောင့် ကန္တာရဒဏ်ခံနိုင်ရည်အရှိဆုံး ကုလားအုတ်တွေတောင် သေဆုံးနေ

1000034887.jpeg

ကမ္ဘာပေါ်မှာ သဲကန္တာရဒဏ် ခံနိုင်ရည်အရှိဆုံး သတ္တဝါဖြစ်တဲ့ ကုလားအုတ်တွေတောင် ပြင်းထန်လာတဲ့ အပူဒဏ်ကြောင့် သေဆုံးနေကြပြီး မကြုံစဖူးအခြေအနေကြုံနေရပြီလို့ ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

ကုလားအုတ်တွေဟာ ပူပြင်းခြောက်သွေ့လွန်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ကျက်စားနိုင်စွမ်းရှိလို့ “သဲကန္တာရ သင်္ဘောတွေ” လို့ တင်စားခံခဲ့ရတာ ရာစုနှစ်ချီကြာမြင့်နေပါပြီ။ ဒါပေမဲ့ အာဖရိကမြောက်ပိုင်းနဲ့ အာဖရိကဦးချိုဒေသ (Horn of Africa) မှာ ပိုဆိုးရွားလာတဲ့ ရာသီဥတုအခြေအနေက ကုလားအုတ်တွေရဲ့ ဇီဝကမ္မဆိုင်ရာခံနိုင်ရည်အကန့်အသတ်ထက် ကျော်လွန်လာပါပြီ။

အီသီယိုးပီးယားနိုင်ငံရဲ့ အပူချိန်မြင့်မားလွန်းတဲ့ အာဖာ (Afar) သဲကန္တာရလို (နွေရာသီအပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်ထက် မကြာခဏ ကျော်လွန်လေ့ရှိ) ဒေသတွေမှာ ကုလားအုတ်မွေးမြူသူ တွေဟာ သူတို့ရဲ့ကုလားအုတ်တွေ သေဆုံးမှုကို ပိုမိုမြင်တွေ့ နေရပါတယ်။

ဝါရင့်ဒေသခံ ကုလားအုတ်ထိန်းတစ်ဦးဖြစ်သူ အလီအူမာက မကြာသေးခင်က အပူဒဏ်ကြောင့် တစ်လအတွင်း ကုလားအုတ်သားပေါက် ၈ ကောင်အထိ ဆုံးရှုံးခဲ့ရပါတယ်။

ကုလားအုတ်တွေဟာ ခြေထောက်မှာ အရည်ကြည်ဖုပေါက်တာ၊ မျက်ရည် ယိုစီးတာတွေ ခံစားနေရပြီး၊ သဲပြင်ကလည်း ပူလောင်လွန်းတာကြောင့် လှဲလျောင်းတဲ့အခါ အရေပြားတွေလောင်ကျွမ်းတဲ့ အခြေအနေကြုံရပါတယ်။

ဒီအခြေအနေဟာ ကုလားအုတ်တွေကို မှီခိုအားထားနေရတဲ့ လူ့အဖွဲ့အစည်း၊ သယ်ယူပို့ဆောင်ရေး၊ နို့နဲ့အသား ထုတ်လုပ်ရေး၊ ဂေဟစနစ်နဲ့ စီးပွားရေး တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်မှုတစ်ရပ် ဖြစ် နေပါတယ်။

အာဖရိကမြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသဟာ ကမ္ဘာ့ကုလားအုတ်ကောင်ရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း လောက် မှီတင်းနေထိုင်ရာ ဒေသတွေဖြစ်ပြီး ပုံမှန်စားကျက်မြေတွေ ခြောက်သွေ့ကုန်တာကြောင့် မွေးမြူရေးလုပ်ငန်းလုပ်တဲ့ မိသားစုတွေဟာ ကပ်ဘေးသင့်သလို ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပါတယ်။

Ref: Even the planet’s most resilient desert survivors have started succumbing to extreme heat

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top