နယ်သာလန်နိုင်ငံမှာတော့ စီးကရက်ဖင်စီခံတွေကို ပေါ့ဖာဂျက်စ် (poffertjes) (နယ်သာလန်စတိုင် ပန်ကိတ်မုန့်အသေးစား)နဲ့ လဲလှယ်ပေးတဲ့ တွန်းလှည်းလေး ရှိနေပါတယ်။
WasteBar လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ကိုတော့ အနုပညာရှင် အန်ဂျလီနာ ကူးမား (Angelina Kumar)၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ကုန်ပစ္စည်းအသစ်တွေအဖြစ် ပြန်လည်အသုံးပြု ဖန်တီးပေးတဲ့ UPPACT အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေတာပါ။
နယ်သာလန်နိုင်ငံမှာ နှစ်စဉ် ဆေးလိပ်တိုပေါင်း ၅ ဘီလျံကနေ ၁၀ ဘီလျံကြား စွန့်ပစ်လျက်ရှိပါတယ်။ စီးကရက်ဖင်စီခံ Filter တစ်ခုစီကို ဆဲလ်လူလို့စ် အက်ဆီတိတ် (cellulose acetate) ပလတ်စတစ်နဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး ဆွေးမြည့်ဖို့ ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်တတ်ပါတယ်။ အဲဒီအချိန်အတွင်း နီကိုတင်းနဲ့ လေးလံတဲ့ သတ္တုဓာတ်တွေက မြေဆီလွှာနဲ့ ရေလမ်းကြောင်းတွေထဲကို စိမ့်ဝင်ပျံ့နှံ့သွားလို့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေပါတယ်။
ကူးမားဟာ ယခင်က ဆေးလိပ်တိုပေါင်း ၅ သိန်းကျော်ကို အသုံးပြုပြီး “Het Peukenbos” (ဆေးလိပ်တိုတောအုပ်) လို့ခေါ်တဲ့ အနုပညာပြကွက်တစ်ခု ပြသခဲ့ဖူးပါတယ်။ ၂၀၂၆ ခုနှစ် ကမ်ပိန်းမှာတော့ ဆေးလိပ်တို တစ်သန်းအထိ ရရှိဖို့ ရည်မှန်းထားပြီး UPPACT ကတစ်ဆင့် အဲဒီဆေးလိပ်တိုတွေကို ခုံတန်းလျား သို့မဟုတ် အလှစိုက်ပျိုးရေးသုံး ပရိဘောဂတွေအဖြစ် ပြောင်းလဲဖို့ စီစဉ်ထားပါတယ်။
စီးကရက်ဖင်စီခံကို မုန့်နဲ့လာလဲတဲ့အခါ ဆေးလိပ်တိုတွေက ပတ်ဝန်းကျင်အပေါ် ဘယ်လိုဆိုးကျိုးသက်ရောက်လဲ၊ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လိုခွဲခြားပြီး ပြန်လည်အသုံးပြုရမလဲဆိုတာကို WasteBar အဖွဲ့ဝင်တွေက ရှင်းပြဆွေးနွေးပြီးမှ ပန်ကိတ် ပေးမှာပါ။
Ref: WasteBar turns cigarette butt waste into food currency in the Netherlands
NZ (ရိုးရာလေး)

