အိန္ဒိယနိုင်ငံ မဟာပရာဒက်ရှ်ပြည်နယ်မှ ကိုင်လာဂီရီဟာ နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မျက်မမြင်မိခင်ကြီးကို ခြင်းတောင်းနဲ့ ထမ်းခေါ်ကာ မိုင် ၂၂၀၀၀ ကျော် ခရီးနှင်ပြီး နိုင်ငံတဝန်းမှ အထွတ်အမြတ်နေရာတွေထံ လိုက်လံ ပို့ဆောင်ပေးခဲ့သူပါ။
ကိုင်လာဂီရီ ၁၀ နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သလို သူ့ရဲ့မွေးချင်းတွေလည်း ဆုံးပါးသွားခဲ့တာကြောင့် အမေတစ်ခု၊ သားတစ်ခုဘဝနဲ့ ကြီးပြင်းလာခဲ့ရတာပါ။ ကိုင်လာဂီရီ ငယ်ငယ်တုန်းက သစ်ပင်ပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက သူ့အမေ ကာတီဒေဝီက သားဖြစ်သူ ပြန်သက်သာလာစေဖို့ နေ့ရော ညပါ ဆုတောင်းခဲ့ပြီး သားဖြစ်သူ ပြန်သက်သာလာမယ်ဆိုရင် အိန္ဒိယနိုင်ငံရဲ့အထွတ်အမြတ် နေရာတွေကို ဘုရားဖူးသွားမယ်လို့ အဓိဋ္ဌာန်ပြုခဲ့ပါတယ်။
ကိုင်လာဂီရီ ပြန်သက်သာလာခဲ့ပြီး သူ့အမေရဲ့ အဓိဋ္ဌာန်အတိုင်း ဘုရားဖူးခရီးတွေ သွားဖို့ သူတို့မှာ ခရီးစရိတ် မတတ်နိုင်ရှာပါဘူး။ ဒါကြောင့် ကိုင်လာဂီရီဟာ ရာမာယဏဇာတ်တော်ထဲမှ သျှရဝမ်ကုမာရ်လို မိခင်ကို ခြင်းတောင်းထဲထည့်ကာ ပခုံးနဲ့ထမ်းခေါ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့သားအမိဟာ နှစ် ၂၀ ကျော်ကာလအတွင်း ကာရှီ (Kashi)၊ ရာမက်ရှ်ဝါရမ် (Rameshwaram)၊ ကီဒါနတ် (Kedarnath)၊ ဗာဒရီနတ် (Badrinath)၊ တီရူပတီ (Tirupati) နဲ့ တခြားအထွတ်အမြတ်နေရာတွေကို ခြေလျင်ခရီးနှင်ခဲ့ကြပြီး လမ်းခရီးမှာလည်း အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ် စားသောက်ခဲ့ကြပါတယ်။
ကိုင်လာဂီရိကတော့ သူ့လုပ်ရပ်ကို မြင်တွေ့သူတွေအနေနဲ့ သူတို့ရဲ့ သက်ကြီးရွယ်အိုတွေကို ရိုသေလေးစားပြီး ပြုစုစောင့်ရှောက်လာကြလိမ့်မယ်လို့ မျှော်လင့်လျက် ရှိပါတယ်။
Ref: For more than 20 years, Kailash Giri walked with his mother across the country, covering over 36,000 kilometers
NZ (ရိုးရာလေး)

