အသက်ကယ်ပေးခဲ့တဲ့သူရဲ့အနားကနေထွက်မသွားဘဲ ခင်တွယ်နေတဲ့ ကြိုးကြာငှက်

9.3.2023-yyl-iamge-1.jpg

လွန်ခဲ့တဲ့ ၁ နှစ်က မိုဟာမတ် အာရီဖ်ဆိုသူ အမျိုးသားဟာ ​ခြံတစ်ခြံမှာ အလုပ်လုပ်ရင်းလယ်ကွင်းတစ်ခုမှာ ဒဏ်ရာရထားလို့ ဘယ်ခြေကျိုးနေတဲ့ ကြိုးကြာငှက်တစ်ကောင်ကို တွေ့ခဲ့တယ်။ အဲ့ဒီ​နောက်ကြိုးကြာငှက်ကို အိမ်ခေါ်သွားပြီး အိမ်တွင်းကုသနည်းတွေနဲ့ ကျန်းမာလာအောင် ကုသပေးခဲ့တယ်။ သူ့ရဲ့ဂရုစိုက်ကုသပေးမှုကြောင့် ကြိုးကြာငှက်က ၆ ပတ်အတွင်း ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ​ပြန်ကောင်းသွားပြီဆိုတော့ တောထဲကို ကြိုးကြာငှက် ပြန်သွားလိမ့်မယ်လို့ အာရီဖ်က ထင်ခဲ့တယ်။ ဒါပေမဲ့ ကြိုးကြာငှက်က ပြန်မသွားဘဲ သူ့ကို ခင်တွယ်ပြီး သူ့အနားမှာ နေခဲ့တယ်။

“ကြိုးကြာငှက် ထပ်ပြီးပျံနိုင်တဲ့အချိန်မှာ သူ့ရဲ့မိသားစုဆီ ပြန်သွားလိမ့်မယ်။ တောရိုင်းငှက်ဖြစ်လို့ ကျွန်တော်နဲ့အတူနေမှာမဟုတ်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာဘဲ ကျွန်တော်နဲ့အတူနေနေတယ်”လို့ အာရီဖ်က ဆိုပါတယ်။ အဲ့ဒီကတည်းက သူ့နားကထွက်မသွားဘဲ သူ့ပန်းကန်ထဲက အစားအစာတွေကိုတောင်ယူစားခဲ့ပါတယ်။ သူ ဆိုင်ကယ်မောင်းတဲ့နောက်ကနေ ပျံပြီးလိုက်နေတဲ့ ကြိုးကြာငှက်ရဲ့ဗီဒီယို အပါအဝင် ဗီဒီယိုများစွာကိုလည်း သူ့ရဲ့လူမှုကွန်ယက်ပေါ်မှာ တင်ထားပါတယ်။

အာရီဖ်က အခုလို သူ့အပေါ်ကြိုးကြာငှက်ခင်တွယ်ပြီး သစ္စာရှိနေတာက သူ့ကို ချည်နှောင်တာ၊ လှောင်အိမ်ထဲ ထည့်ထားတာတွေ မလုပ်တာကြောင့်ပါတဲ့။ ကြိုးကြာငှက်ကို ကယ်တင်ပေးခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း “ကျွန်​တော် လူသားတစ်ယောက်ရဲ့တာဝန်ကို ထမ်းဆောင်ခဲ့ရုံပါပဲ။ ကြိုးကြာငှက်လေး ဒဏ်ရာရထားတာ တွေ့တော့ ကူညီပေးသင့်တယ်လို့ ကျွန်တော် ခံစားမိခဲ့တယ်”လို့ အာရီဖ်က ဆိုပါတယ်။

Ref: Wild crane found injured in a field now refuses to leave its human saviour and even flies after him after he nursed the giant bird back to health in India

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top