နော်ဝေနိုင်ငံမှာ ရေခဲပြင် အရည်ပျော်ပြီး သမိုင်းကြိုခေတ်မှ မြားအစင်းရေ ၄၈ စင်းကို ရှေးဟောင်းသုတေသနပညာရှင်တွေက တူးဖော်တွေ့ရှိခဲ့ပါတယ်။ အဲဒီအထဲမှာ မြားတစင်းကတော့ နှစ်ပေါင်း ၅၀၀၀ ကနေ ၆၀၀၀ ဝန်းကျင် သက်တမ်းရှိပါပြီ။

အော်စလိုမြို့နဲ့ မိုင် ၂၀၀ လောက်ဝေးတဲ့ ဂျိုတွန်ဟိုင်းမင် (Jotunheimen) တောင်တန်းဒေသမှာ “Secrets of the Ice” (ရေခဲပြင်ရဲ့ လျှို့ဝှက်ချက်များ) ဆိုတဲ့ ကမ္ဘာ့အကြီးဆုံး ရေခဲပြင်ရှေးဟောင်းသုတေသန စီမံကိန်းအနေနဲ့ တူးဖော်တွေ့ရှိခဲ့တာပါ။

ပုံမှန်အားဖြင့် သစ်သား (သို့) အဝတ်အထည်လို အော်ဂဲနစ်ပစ္စည်းတွေဟာ လေဒဏ်မိုးဒဏ်ကြောင့် ဆွေးမြည့်ပျက်စီးသွားတတ်ပါတယ်။ ဒါပေမဲ့ ရေခဲပြင်ကတော့ အောက်ဆီဂျင်မရှိဘဲ အပူချိန်ကို အမြဲအေးခဲနေအောင် ထိန်းထားပေးလို့ ဘက်တီးရီးယား မပွားနိုင်တာကြောင့် ဆွေးမြေ့ခြင်းကို ကာကွယ်ပေးသလို ဖြစ်နေတာပါ။ဗက်တီးရီးယားတွေ မပွားနိုင်ဘဲ မဆွေးမြည့်အောင် ရပ်တန့်ပေးထားသလို ဖြစ်နေတာပါ။

သုတေသီတွေကတော့ ဒီတောင်တန်းတွေပေါ်မှ ရေခဲပြင်တွေဟာ ( ကမ္ဘာကြီး ပူနွေးလာမှုကြောင့်) နောက်ထပ် နှစ်ပေါင်း ၂၀ အတွင်းမှာ လုံးဝကွယ်ပျောက်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Secrets of the Ice စီမံကိန်းကို ဦးဆောင်နေတဲ့ ရေခဲပြင် ရှေးဟောင်းသုတေသနပညာရှင် ဖင်စတက်ကတော့ “ဒီနေရာမှာ ရေခဲပြင်ရှိနေခဲ့တာ နှစ်ပေါင်း ၆,၀၀၀ ကနေ ၇,၀၀၀ လောက်ရှိပါပြီ။ သဘာဝတရားကြီးက ကျွန်တော်တို့ကို သတိပေးချက်တွေ ပေးခဲ့တာ ကြာပါပြီ။ ဒါပေမဲ့ အခုတော့ သူ လက်လျှော့လိုက်ပြီထင်တယ်။ အခုတော့ ရေခဲတွေ အကုန်အရည်ပျော်ပြီး ပျောက်ကွယ်သွားတော့မှာပါ” လို့ဆိုပါတယ်။

အခုတွေ့ရှိခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေကို လွန်မြို့မှာရှိတဲ့ နော်ဝေတောင်တန်းစင်တာရဲ့ အထူးအအေးခံမှန်သေတ္တာထဲမှာ ပြသထားပြီး လာမယ့် ဒီဇင်ဘာလကျရင်တော့ နောက်ထပ် သုတေသနပြုလုပ်ဖို့နဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ယဉ်ကျေးမှုသမိုင်းပြတိုက်ကို ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။
Ref: In an Exciting but ‘Brutal’ Find, a 5,000-Year-Old Arrow Emerges From Norway’s Rapidly Melting Mountain Ice
NZ (ရိုးရာလေး)

