မနက် ၅ နာရီခွဲဆို နှိုးစက်သံ မြည်ပြီး တစ်ရက်မှာ ၁၄ နာရီကနေ ၁၆ နာရီကြား၊ တပတ်မှာ ၉၆ နာရီ အလုပ်လုပ်ဖို့ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါကတော့ အသက် ၂၉ နှစ်အရွယ်မှာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်အားကိုယ်ကိုး အမျိုးသမီး ဘီလျံနာဖြစ်လာသူ လူအာနာလိုပက်စ်လာရာ (Luana Lopes Lara) ရဲ့ အချိန်ဇယားပါပဲ။
ဘရာဇီးနိုင်ငံ၊ ဘယ်လိုဟော်ရီဇွန်တီမြို့မှာ မွေးဖွားခဲ့တဲ့ လိုပက်စ်လာရာဟာ အရင်က ဘဲလေးအကမယ်တစ်ဦးဖြစ်ပြီး သင်္ချာပညာရပ်မှာလည်း ထူးချွန်သူပါ။ မက်ဆာချူးဆက်နည်းပညာသိပ္ပံ (MIT) တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံပညာကို လေ့လာရင်း သူငယ်ချင်းဖြစ်သူ တာရက်ခ်မန်ဆောနဲ့အတူ ဈေးကွက်ခန့်မှန်းပလက်ဖောင်းဖြစ်တဲ့ Kalshi ကို ပူးတွဲတည်ထောင်ခဲ့ကြပါတယ်။

အားကစားပွဲရလဒ်မှအစ စတော့ဈေးကွက် အတက်၊အကျအလယ် ရွေးကောက်ပွဲရလဒ်အဆုံး ခန့်မှန်းတွက်ဆ ကြေးထပ်နိုင်တဲ့ Kalshi ကို တရားဝင်ခွင့်ပြုချက်ရအောင် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတာပါ။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ Kalshi ရဲ့ ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၁၁ ဘီလီယံ ရှိခဲ့ပြီး ရှယ်ယာ ၁၂ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ လာရာလိုပက်စ်ရဲ့ ကြွယ်ဝမှုကလည်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံအထိ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက လာရာလိုပက်စ်ဟာ အသက် ၂၉ နှစ်ပဲ ရှိသေးပြီး Scale AI ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ လူစီကောကို ကျော်လွန်ကာ ကမ္ဘာ့အသက်အငယ်ဆုံး ကိုယ့်အားကိုယ်ကိုးသူ အမျိုးသမီးဘီလျံနာအဖြစ် ဖို့ဘ်မဂ္ဂဇင်းက သတ်မှတ်ခဲ့ပါတယ်။
Ref: Luana Lopes Lara
NZ (ရိုးရာလေး)

