လင်းပေါင်က မကြာခဏ ကျောင်းပျက်လေ့ရှိတယ်။ တစ်နေ့မှာတော့ ကျောင်းအုပ်ကြီးက လင်းပေါင်ကို ကျောင်းထုတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး သူ့ရုံးခန်းကို ခေါ်ခိုင်းလိုက်တယ်။
ကျောင်းအုပ်ကြီး နေ့လယ်စာစားမယ့်အချိန်ရောက်မှ လင်းပေါင် ရောက်လာတယ်။
” ဒီအချိန်မှ ကျောင်းလာရသလားကွ” ကျောင်းအုပ်ကြီးက ဟောက်လိုက်တယ်။
” ခွင့်လွှတ်ပေးပါ ဆရာရယ်။ ကျွန်တော် ဒီနေ့ လယ်ကွင်းထဲက ရွှေထုပ် ကောက်ရလို့ ကျောင်း နောက်ကျသွားတာပါ”
” ရွှေထုပ် ဟုတ်လား။ ရွှေထုပ် ကောက်ရတော့ မင်း ဘာတွေ သုံးမှာလဲ” ကျောင်းအုပ်ကြီးရဲ့မျက်လုံးတွေက အရောင်လက်လာတယ်။
” အိမ်ကြီးကြီး တစ်လုံးဆောက်မယ်။ မြေတွေဝယ်မယ်။ ကျွဲအုပ်၊ နွားအုပ်တွေ ဝယ်မယ်။ ပြီးတော့ ကျွန်တော့်ကို ဒုက္ခခံပြီး ပညာသင်ပေးခဲ့တဲ့ ဆရာ့ကိုလည်း ငွေ ကန်တော့ပါ့မယ်”
လင်းပေါင်ရဲ့အဖြေကို သဘောကျသွားတဲ့ ကျောင်းအုပ်ကြီးက သူနဲ့အတူတူ နေ့လယ်စာ စားဖို့ခေါ်တယ်။ လင်းပေါင်က ကျောင်းအုပ်ကြီး ချိုင့်ထဲက အစားအစာတွေကို မြိန်ရည်ယှက်ရည် စားနေပေမဲ့ ကျောင်းအုပ်ကြီးကတော့ ” သူ့ကို လင်းပေါင် ဘယ်လောက်ပေးမလဲ”၊ ”အဲဒီငွေက သူလိုချင်နေတဲ့ ခြံကို ဝယ်ဖို့ လောက်ပါ့မလား”ဆိုတဲ့ အတွေးနဲ့ နစ်မျောနေလို့ ဘာမှ မစားဘူး။
” ဒါနဲ့ ရွှေထုပ်ကိုတော့ မင်း သေသေချာချာ သိမ်းထားတယ်မလား” လို့ ကျောင်းအုပ်ကြီးက ရုတ်တရက် မေးလိုက်တယ်။
” သိမ်းချိန် မရလိုက်ဘူး ဆရာ။ အမေက ကျွန်တော့်ကို လာနှိုးလိုက်တော့ ရွှေထုပ်လည်း ပျောက်သွားရော”
” ဘာကွ။ မင်းက အိပ်မက်ထဲကအကြောင်း လာပြောနေတာလား”
ကျောင်းအုပ်ကြီးမျက်နှာက ဒေါသကြောင့် နီနေပြီး မေးကျောကြီးတွေ ထောင်နေတယ်။
လင်းပေါင်ကလည်း ပါးလုပ်ပါးလောင်း စားနေရင်း မျက်နှာငယ်လေးနဲ့ ခေါင်းငြိမ့်ပြတယ်။
” အိပ်မက်ထဲမှာတောင် ငါ့ကို သတိရပေးလို့ ဝမ်းသာပါတယ်။ ရွှေထုပ် တကယ်ကောက်ရရင်လည်း သတိရဦးမယ်ထင်ပါတယ်။ ကဲ . . . အခု ကြွပေတော့”
ကျောင်းအုပ်ကြီးက ဒေါသကို ထိန်းရင်း ပြောလိုက်တယ်ဆိုရင်ပဲ လင်းပေါင်ကတော့ အခန်းထဲကနေ သုတ်ခြေတင် ထွက်သွားတော့တာပေါ့။
လင်းပေါင် ထွက်သွားမှ သူ့ကို ကျောင်းထုတ်ဖို့ အခန်းထဲ ခေါ်ထားတဲ့ အကြောင်း ကျောင်းအုပ်ကြီး သတိရတော့တယ်။
ရယ်မောခြင်းဖြင့် ဘဝအမောများ ပြေပျောက်စေသော်
NZ (ရိုးရာလေး)