အလူမီနီယမ်အတောင့်နဲ့ ပင်လယ်ရေကို ဓာတ်ပြုစေပြီး ဟိုက်ဒရိုဂျင်စွမ်းအင် ထုတ်လုပ်နိုင်မယ့် နည်းလမ်းကို MITမှ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

31.7.2024-yyl-4.jpg

မက်ဆာချူးဆက်နည်းပညာသိပ္ပံ( MIT )ကျောင်းမှ သုတေသနအဖွဲ့တစ်ဖွဲ့ဟာ အလူမီနီယမ်အတောင့်တွေနဲ့ ပင်လယ်ရေကို ဓာတ်ပြုစေပြီး သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေအတွက် ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင် ထုတ်လုပ်ပေးနိုင်မယ့် စိတ်ဝင်စားစရာ ဓာတ်ပြုမှုတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီဇယ်စွမ်းအင် နေရာမှာ ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အစားထိုး အသုံးပြုဖို့ စမ်းသပ်နေတာ ကြာပါပြီ။ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုရင် ထွက်ရှိလာတဲ့ စွန့်ပစ်ပစ္စည်းကလည်း ရေဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပါဘူး။ ဒါပေမဲ့ ပေါက်ကွဲလွယ်တာကြောင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို ယာဉ်တွေပေါ်မှာ တင်ဆောင်သွားဖို့ဆိုတာကတော့ လုံခြုံရေးအတွက် စိတ်မချရပါဘူး။

ဒါပေမဲ့ MIT ရဲ့ စက်မှုအင်ဂျင်နီယာဌာနမှ Ph.D ကျောင်းသား အယ်လီကွမ်ဘာဂီနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပင်လယ်ရေကို ဟိုက်ဒရိုဂျင်ရင်းမြစ်အဖြစ် အသုံးပြုပြီး အလူမီနီယမ်အတောင့်တွေနဲ့ ပေါင်းစပ်ကာ သင်္ဘောမှာ စွမ်းအင်ပေးနိုင်မယ့် စီမံကိန်းကို ဖော်ဆောင်ခဲ့တာပါ။

သန့်စင်တဲ့ အလူမီနီယမ်ကို ရေထဲ ချလိုက်ရင် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထွက်စေတဲ့ ဓာတ်ပြုမှု ဖြစ်စေပါတယ်။ ကုန်ကျစရိတ် သက်သာစေဖို့အတွက် အလူမီနီယံ ဆိုဒါဘူးခွံတွေကို အသုံးပြုနိုင်ပေမဲ့ gallium indium လို့ ခေါ်တဲ့ ရှားပါးအလွိုင်းနဲ့ လိမ်းသုတ်ထားမှသာ ဓာတ်ပြုမှု ဖြစ်စေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဆိုဒါဘူးခွံတွေမှာပါတဲ့ အလူမီနီယမ်က ရာနှုန်းပြည့် သန့်စင်ခြင်းမရှိတာကြောင့် လေထဲမှ အောက်ဆီဂျင်နဲ့ထိတွေ့တဲ့အခါ (ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ထွက်စေတဲ့) ဓာတ်ပြုမှုမဖြစ်အောင် ဟန့်တားနိုင်တာကြောင့်ပါပဲ။

ဒီစမ်းသပ်မှု ပြီးမြောက်စေဖို့ ၂ နာရီအချိန်ယူရပါတယ်။ သုတေသနအဖွဲ့ဟာ စမ်းသပ်ချိန် ပိုတိုတောင်းအောင် ကြံဆရင်း ကော်ဖီမှုန့် ထည့်ကြည့်တဲ့အခါ ၅ မိနစ်အတွင်း ဓာတ်ပြုမှု ဖြစ်စေနိုင်တာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ကြပါတယ်။ သန့်စင်ပြီးသား အလူမီနီယမ်အတောင့် ၁ ဂရမ်ကို အသုံးပြုရုံနဲ့ ၅ မိနစ်အတွင်း ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ၁.၃ လီတာ ထုတ်လုပ်နိုင်ပါတယ်။ MIT ရဲ့ သတင်းထုတ်ပြန်ချက်အရ သင်္ဘောနဲ့ ရေအောက်သင်္ဘောတွေမှာ စတင်စမ်းသပ်ဖို့ စီစဉ်နေပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ တွက်ချက်မှုအရ အလူမီနီယံအတောင့် ပေါင် ၄၀ တင်ဆောင်သွားမယ်ဆိုရင် အသေးစား ရေငုပ်သင်္ဘောတစ်စီးကို ရက် ၃၀ နီးပါး စွမ်းအင်ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

Ref: A Recipe for Zero-Emissions Fuel: Soda Cans, Seawater, and Caffeine
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top