အိန္ဒိယနိုင်ငံက မြန်မာရေတပ်အတွက် ပထမဆုံးရေငုပ်သင်္ဘော လွှဲပြောင်းပေးအပ်မယ်

16-10-2020-yyl-012.jpg

INS Sindhuvir လို့ အမည်ပေးထားတဲ့ Kilo class ရေငုပ်သင်္ဘောကို မြန်မာနိုင်ငံထံ လွှဲပြောင်းပေးအပ်တော့မယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ မြန်မာရေတပ်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်လာလိမ့်မယ်လို့ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အနူရာဂျီက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ INS Sindhuvir ရေငုပ်သင်္ဘောကို ဆိုဗီယက်ပြည်ထောင်စုထံကနေ ၁၉၈၀ ပြည့်နှစ်အတွင်း ဝယ်ယူခဲ့တာဖြစ်ပြီး ဗေဇက်မြို့မှာရှိတဲ့ ဟိန္ဒူစတန်သင်္ဘောကျင်းလိမိတက်မှာ အဆင့်မြှင့်တက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီရေငုပ်သင်္ဘောဟာ စစ်အေးခေတ်ကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုက တည်ဆောက်ခဲ့တဲ့ ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေးရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပါတယ်။

ရေကြောင်းမဟာမိတ်နိုင်ငံအားလုံးကို လုံခြုံရေးအာမခံပေးမယ်ဆိုတဲ့ အိန္ဒိယနိုင်ငံရဲ့ ဘက်စုံလွှမ်းခြုံရေးရည်မှန်းချက်နဲ့အညီ မြန်မာရေတပ်အတွက် INS Sindhuvir ရေငုပ်သင်္ဘောကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ အနူရာဂျီက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း အိန္ဒိယနိုင်ငံက ကာကွယ်ရေးစာချုပ် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို Shyena နည်းပညာမြင့် အပေါ့စားတော်ပီဒိုတွေ ပံ့ပိုးပေးခဲ့ပါတယ်။

အောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက်မှာ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် ဟာ့ဂျ်သျှရင်ဂလာနဲ့ အိန္ဒိယကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး MM Naravane တို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ် လာရောက်ခဲ့ပြီး မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီခရီးစဉ်မှာ အိန္ဒိယနိုင်ငံက မြန်မာ့တပ်မတော်အတွက် အမြောက်တွေ၊ တင့်ကားတွေ၊ ကျည်ကာအင်္ကျီတွေနဲ့ တခြားပစ္စည်းကိရိယာတွေ ပံ့ပိုးပေးသွားဖို့ သဘောတူညီခဲ့ကြပါတယ်။ မကြာသေးခင်ကာလအတွင်း စစ်တကောင်းမြို့နယ်စပ်မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား စစ်ရေးတင်းမာမှု အရိပ်အယောင်တွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Ref: The Hindu ” India to handover Kilo class attack submarine to Myanmar”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top