နှစ် ၂၀ ကြာ ရှာဖွေနေတဲ့ မွေးမိခင်က ဆေးရုံတစ်ခုတည်းမှာ အလုပ်လုပ်နေသူဖြစ်နေ

8-6-2022-yyl01.jpg

ဆယ်စုနှစ် ၂ ခု ကုန်လွန်ခဲ့ပြီးနောက်မှာတော့ ဘင်ဂျမင်က သူ့ရဲ့မွေးမိခင်နဲ့ ပြန်ဆုံစည်းခွင့်ရခဲ့ပါပြီ။ တကယ်တော့ သူတို့သားအမိ ၂ ယောက်လုံးက ဆေးရုံတစ်ခုတည်းမှာ အလုပ်လုပ်နေခဲ့ကြတာပါ။

ဘင်ဂျမင်က မွေးစားခံထားရတယ်ဆိုတာကို ငယ်ငယ်ကတည်းက သိထားခဲ့ပါတယ်။ သူ့အမေအရင်းအကြောင်း မေးမြန်းကြည့်ပေမဲ့ ဟိုလီဆိုတဲ့ နာမည်တစ်လုံးပဲ သိခွင့်ရခဲ့တာပါ။ ဟိုလီရှီးယားဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ မီးဖွားခဲ့ပြီး သူ့ဘဝ အခြေအနေကြောင့် ကလေးကို မွေးစားမယ့်မိသားစုထံ ပေးပစ်ခဲ့ရတာပါ။ ဒါပေမဲ့ သူ့သားအကြောင်း အချိန်တိုင်း သတိရနေတတ်ပြီး နောက်ဆုံးမှာတော့ သူ့သားရဲ့ ဖေ့ဘွတ်ခ်အကောင့်ကို ရှာတွေ့ခဲ့ပါတယ်။

” သားလေး ၁၈ နှစ်အရွယ်မှာ သူ့အကောင့်ကို ကျွန်မတွေ့ခဲ့တာပါ။ သူ့ကို ပြောသင့်၊ မပြောသင့် ချီတုံချတုံဖြစ်နေခဲ့တယ်။ သူ့ဘဝက တက်လမ်းအများကြီးရှိသေးတယ်လေ။ ကျွန်မက သူ့ဘဝကို အဟန့်အတားမဖြစ်စေချင်ဘူး။ ဒါကြောင့် အဝေးကပဲ ကြည့်နေခဲ့တာပါ”လို့ ဟိုလီက ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၉ ရက်မှာတော့ ဟိုလီက သူ့သားကို ” ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ” ဆိုတဲ့ မက်ဆေ့ ပို့ခဲ့တယ်။

” အမေက ကျွန်တော့်ဆီစာပို့ပြီး ကျွန်တော့်အမေအရင်းဖြစ်တဲ့အကြောင်း ရှင်းပြလိုက်ချိန်မှာ ကျွန်တော် ငိုမိတယ်။ ဝမ်းသာလို့ မျက်ရည်ကျမိတာပါ။ ဒါက ကျွန်တော် နှစ် ၂၀ လုံးလုံး စောင့်မျှော်နေတဲ့ နေ့ပါပဲ” လို့ ဘင်ဂျမင်က ပြောပါတယ်။ နောက် ၂ ရက်အကြာမှာတော့ သူတို့သားအမိနှစ်ယောက် စားသောက်ဆိုင်မှာ ဆုံတွေ့ခဲ့ကြတာပါ။ သားအမိနှစ်ယောက်ဆုံတော့ ဖက်ငိုကြတာ ၅ မိနစ်လောက်တောင် ကြာခဲ့ပါတယ်။

တကယ်တော့ သူတို့သားအမိဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဆော့လိတ်မြို့မှာရှိတဲ့ စိန့်မက်ခ်ဆေးရုံတစ်ခုတည်းမှာ အလုပ်လုပ်နေကြတာပါ။ ဟိုလီက ဆေးဘက်အကူအဖြစ် အလုပ်လုပ်နေပြီး ဘင်ဂျမင်ကတော့ မွေးကင်းစကလေးငယ် အထူးကြပ်မတ်ကုသဆောင်မှာ လုပ်အားပေးအဖြစ် ဝင်လုပ်နေတာပါ။

သူ့ရဲ့မိခင်အရင်းနဲ့ ပြန်ဆုံစည်းခွင့်ရခဲ့လို့ သူ့စိတ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ လစ်ဟာမှု ပျောက်ကွယ်သွားပြီး ပြီးပြည့်စုံသွားသလို ခံစားရတယ်လို့ ဘင်ဂျမင်က ဆိုပါတယ်။

Ref: Sunnyskyz “He Met His Biological Mom For The First Time, They Work In The Same Hospital”

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top