မြည်းပုနဲ့ ခွေး

complete002.jpg

တစ်ခါတုန်းက အဝတ်လျှော်သမားတစ်ယောက်မှာ မြည်းပုတစ်ကောင်နဲ့ ခွေးတစ်ကောင် ရှိတယ်။ မြည်းပုလေးရော ခွေးလေးရော သူတို့ရဲ့သခင်ကို အများကြီးကူညီပေးကြတယ်။ တစ်ညမှာတော့ သူခိုးတချို့ဟာ အဝတ်လျှော်သမားရဲ့အိမ်ကို ပစ္စည်းခိုးဖို့ ဝင်သတဲ့… ခွေးလေးက သူခိုးတွေ အသံကြားပြီး ဟောင်တော့တာပေါ့။ အဝတ်လျှော်သမားကြီးလည်း အိပ်ရာကထလာပြီး အိမ်နီးချင်းတွေကို အော်ဟစ် အကူအညီတောင်းတော့တယ်။ ‘ဟ..ဘာလဲ.. ခွေးရှိတယ်ကွ၊ မြန်မြန်ပြေး’ ဆိုပြီး သူခိုးတွေက ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ ရွာသားတွေ ရောက်လာကြတယ်။ သူခိုးတွေက ပြေးဖို့ကြိုးစားပေးမဲ့ ရွာသားတွေလက်ထဲ မိသွားတော့တယ်။

အဝတ်လျှော်သမားကြီးက ‘ငါ့အိမ်မှာ ဒီလိုခွေးတစ်ကောင်ရှိတာ သိပ်ဝမ်းသာတယ်။ ငါ့ခွေးသာမဟောင်ရင် သူခိုးတွေ ဝင်ခိုးသွားမှာ ကျိန်းသေတယ်’ လို့ ဂုဏ်ယူပြီး ပြောလိုက်တယ်။ လူတိုင်းကလည်း ခွေးကို ချီးကျူးကြတယ်။

အဲဒီနေ့ကစပြီး မြည်းပုလေး တွေးလိုက်တာက ‘ခွေးက ငါ့ထက်ပိုအသုံးဝင်တယ်လို့ သခင်က ထင်နေတာပဲ’ သူလည်း ခွေးလိုပဲ အသုံးဝင်တဲ့ တိရစ္ဆာန်တစ်ကောင်ဖြစ်တယ်ဆိုတာ သခင့်ကို ပြမှဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နေ့ရက် အနည်းငယ်ကြာပြီးတဲ့နောက် တစ်ညမှာ သူခိုးနှစ်ယောက်က အဝတ်လျှော်သမားကြီးရဲ့အိမ်ကို လာပြန်တယ်။ သူခိုးတွေက အိမ်မှာရှိတဲ့ တိရစ္ဆာန်တွေကို သတိထားကြတယ်။ ‘ငါဒီအိမ်မှာ အိမ်စောင့်ခွေးတစ်ကောင်ရှိတယ်လို့ ကြားတယ်.. သတိထားဦး’ လို့ သူခိုးက သူ့သူငယ်ချင်းကို သတိပေးလိုက်တယ်။

သူခိုးတွေချောင်းကြည့်လိုက်တဲ့အခါ ခွေးတစ်ကောင်က အိမ်ပေါက်ဝမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူခိုးတွေလည်း ခွေးဟောင်မှာကို ကြောက်တာပေါ့။ ‘ဒီအိမ်ကနေ မခိုးတော့ရင် ကောင်းမယ်… ခုသွားတာပဲ ကောင်းလိမ့်မယ်’ လို့ ပြောပြီး သူခိုးနှစ်ယောက်လုံး ထွက်ပြေးသွားတော့တယ်။ ဒါပေမဲ့ သူခိုးတွေ မသိလိုက်တာက မြည်းပုလေးဟာ ဒါတွေအားလုံးကို မြင်လိုက်တယ်ဆိုတာပဲ။ ‘ဒီအချိန်က ငါဟာ အသုံးဝင်တယ်ဆိုတာပြဖို့ အခွင့်အရေးပဲ။ သူခိုးတွေကတော့ ပြေးပြီ… ငါဟီလိုက်ရင်တော့ သူခိုးတွေကို ငါအိမ်ပြင်မောင်းထုတ်လိုက်တယ်လို့ သခင်က ထင်မှာပဲ…’ လို့ သူ တွေးလိုက်တယ်။ ပြီးတော့ မြည်းပုလေးက အကျယ်ကြီး ဟီလိုက်တယ်။

အဝတ်လျှော်သမားကြီးက ညနက်သန်းခေါင်ကြီး မြည်းက ထဟီတာလည်း ကြားရော စိတ်ဆိုးတာပေါ့။ သူဟာ တုတ်ချောင်းတစ်ချောင်းနဲ့ ထွက်လာပြီး မြည်းကိုရိုက်ပါတော့တယ်။ ‘ဒီလို အရိုက်ခံမှ နောက်တစ်ခါ ညဘက် မဟီရမှန်းသိမှာ’ လို့ ကြိမ်းမောင်းတော့တယ်။ မြည်းက ရိုက်တာကို ငြိမ်ခံနေရပြီးတော့ ဘာတွေဖြစ်ပျက်နေလဲတောင် မသိပါဘူး။ အဲဒီနောက် ခွေးက မြည်းပုလေးဆီလာပြီး ‘ငါ့လိုဖြစ်အောင် လိုက်လုပ်နေမှာထက် မင်းအလုပ်ကိုပဲ ကောင်းကောင်းလုပ်သင့်တယ်’ လို့ ပြောပြလိုက်တယ်။ မြည်းပုလေးက ခွေးလေး မှန်တယ်ဆိုတာ သိသွားပြီး အသိတရား ရသွားတာပေါ့။

ဒီပုံပြင်လေးကနေ ရိုးရာလေးစာဖတ်ပရိသတ်ကြီးဆီ ပေးချင်တဲ့အသိကတော့ ကိစ္စတိုင်းမှာ သူတစ်ပါးကို လိုက်အတုခိုးနေမဲ့အစား ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင် အသိအမှတ်ပြုခံရအောင် ကြိုးစားသင့်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

Ref: pravsworld.com “The donkey and the dog”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top