ခွေးမွေးထားခြင်းက ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်သွားဖို့ အလိုလိုလှုံ့ဆော်ပေးနိုင်

62655886_465100264246719_4284714032243408896_n.jpg

ခွေးမွေးထားတဲ့သူတွေ၊ ခွေးပိုင်ရှင်တွေဟာ တစ်ပတ်ကို အချိန် ငါးနာရီစာအထိ လမ်းလျှောက်ဖြစ်ကြတယ်လို့ လေ့လာမှုတစ်ခုအရသိရှိရပါတယ်။ ဒါဟာ ဗြိတိန်က လူနေမှုဘဝကို အထူးပြုလေ့လာခဲ့တာဖြစ်ပြီး ခွေးမရှိတဲ့သူတွေကတော့ တစ်ပတ်ကို မိနစ် (၁၀၀) လောက်သာ လမ်းလျှောက်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အိမ်မှာခွေးရှိတဲ့အခါ ခွေးနဲ့အတူ မကြာခဏ လမ်းလျှောက်ထွက်ရင်း၊ ခွေးလေးနဲ့ ဆော့ကစားပေးရင်း လူက အလိုလို ကိုယ်လက်လှုပ်ရှားမှုဖြစ်လာစေတဲ့အချက်ပါပဲ။ လီဗာပူးမြို့က အိမ်ထောင်စု (၃၈၅) စုက လူပေါင်း (၇၀၀) ကို တစ်ပတ်တာ လှုပ်ရှားမှုစစ်ဆေးတဲ့ကိရိယာကို တပ်ဆင်ပေးပြီး သုတေသနပြုခဲ့ကြရာမှာလည်း ဒီအချက်ဟာ သိသာစွာပေါ်လွင်လာခဲ့တာပဲဖြစ်ပါတယ်။

နောက်တစ်ချက်က အိမ်မှာ ခွေးရှိတဲ့အခါ ကလေးငယ်တွေမှာ တစ်ပတ်ကို မိနစ် (၁၀၀) လောက်အထိ လမ်းလျှောက်ဖြစ်စေပြီး ခွေးလေးတွေနဲ့ ကစားခုန်စားလုပ်ခြင်းကလည်း နောက်ထပ် မိနစ် (၂၀၀) စာ ပြေးလွှားဖြစ်စေပါတယ်။ ဒါကြောင့် ခွေးလေးတွေရဲ့ သက်ရောက်မှုက ကလေးငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးအထိပါ လွှမ်းမိုးရှိစေတယ်လို့ ဆိုနိုင်ပြီး ခွေးမရှိတဲ့အိမ်က ကလေးငယ်တွေထက် ပိုပြီးသွက်လက်တက်ကြွစေပါတယ်တဲ့။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်တိုင်းမှာ ခွေးမွေးထားသင့်လား ဆိုတာကိုတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Westgarth က အခုလို အကြံပေးသွားခဲ့ပါတယ်။

“ကျွန်မကတော့ လေ့ကျင့်ခန်း ပိုလုပ်ဖြစ်ရုံသက်သက်နဲ့တော့ ခွေးဝယ်မွေးပါလို့မတိုက်တွန်းလိုပါဘူး။ ကိုယ့်မှာ အားလပ်ချိန်ရှိမယ်၊ ခွေးမွေးရတာလဲဝါသနာပါမယ်၊ ကိုယ်မွေးထားတဲ့ ခွေးတစ်ကောင်ကို တာဝန်ယူနိုင်စွမ်းလဲရှိမယ်၊ ငွေကြေးအရလဲအပန်းမကြီးဘူး ….. ဒါဆိုရင်တော့ ခွေးတစ်ကောင်ဝယ်မွေးထားရတာက ကိုယ့်အတွက် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်ဖြစ်သွားဖို့ အလိုလိုလှုံ့ဆော်ပေးလာပါလိမ့်မယ် ”

Ref: NYTIMES ” Dog Owners Get More Exercise ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top