(၁)
လူ့ဘုံဌာန လူ့လောကထဲ လူအဖြစ် ရောက်လာတာချင်းတူပေမယ့် တစ်ဦးနဲ့တစ်ဦး အကျိုးပေးချင်းမတူကြတာဘာကြောင့်ပါလဲ။ သူလည်း လူ၊ ကိုယ်လည်းလူ ပခုံးနှစ်ဘက်ကြား ခေါင်းပေါက် လာခဲ့တာချင်းတော့ တူပါရဲ့။ ဒါပေမဲ့ တချို့ဟာ မွေးကတည်းက လူချမ်းသာမိသားစု ဗိုက်ထဲဝင်ပြီး တချို့တွေကျတော့ လူ့ဘဝထဲ စရောက်လာကတည်းက တကယ့်ကို ဆင်းဆင်းရဲရဲနွမ်းနွမ်းပါးပါး။ တချို့ ‘မျက်နှာမြင် ချစ်ခင်ပါစေ’ဆုနဲ့ ပြည့်စုံပြီး ချောမော လှပ ပနံရသလောက် တချို့ကျတော့ အလိုလိုနေရင်း အမုန်း ခံရလောက်အောင် အရုပ်ဆိုး အကျည်းတန် အပယ်ခံဘဝပေါ့။ ဒါ့အပြင် နယ်ပယ်တစ်ခုမှာ ဒီလောက်လုပ်အား၊ ဒီလောက် အရင်းအနှီးနဲ့ လုပ်ငန်းတစ်ခု တည်ထောင်လုပ်ကိုင်တာချင်းတူပြီး အောင်မြင်ဖြစ်ထွန်းမှုချင်းမတူတာ၊ ပညာရပ်တစ်ခုကို လေ့လာ လိုက်စား၊ ကြိုးစားအားထုတ်တာချင်းတူသည့်တိုင် လူတစ်ဦးနဲ့ တစ်ဦး နားလည်၊ တတ်မြောက်မှုချင်း မတူတာတွေလည်း အနည်းနဲ့ အများ ရှိတတ်ကြတယ်။
လောကလူတွေကြား တစ်ဦးနဲ့တစ်ဦး၊ မိသားစုတစ်စုနဲ့တစ်စု၊ လူ့အလွှာတစ်ခုနဲ့တစ်ခု ရပ်တည်ချက်၊ အဆင့်အတန်းနဲ့ ဘဝကို ရှင်သန်ဖြတ်သန်းကြရပုံတွေ ကွဲပြားခြားနားနေတာဟာ အတိတ် ကံအကျိုးပေး မတူညီမှုကြောင့်လို့ ဆိုကြတယ်။ ‘ကံ ကံ၏အကျိုး’ ကို မပစ်ပယ်တဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် အတိတ်ဘဝတုန်းက ပြုလုပ်ခဲ့တဲ့ ကုသိုလ်နဲ့ အကုသိုလ်အကျိုးဆက်တွေကို တစ်စိတ်တစ် ပိုင်းအားဖြင့် ထည့်တွက် စဉ်းစားဖို့လိုအပ်တာ နားလည်ကြမှာပါ။ သို့သော် တစ်ခုရှိတာက နေရာတကာမှာ ဘယ်သူနဲ့ပြိုင်ပြိုင် ကိုယ်အနိုင်ရမှ၊ ဘယ်ပေတံနဲ့ ထွာထွာ ကိုယ့်ဘက်က အသာရမှ ဆိုတဲ့ ပုထုဇဉ်တို့ထုံးစံအတိုင်း စိတ်ထား မတတ်တဲ့အခါမှာ တစ်ပါး သူအပေါ် ဣဿာ၊ မစ္ဆရိယစိတ်တွေ ဖြစ်ပေါ်လာတတ်တာပါ။
(၂)
ဣဿာ-မနာလိုမှုဆိုတာ သူတစ်ပါးရဲ့ အောင်မြင်ဖြစ်ထွန်း တိုးတက်မှုကို မကျေနပ်၊ ဝမ်းမသာနိုင်တဲ့စိတ်ကို ခေါ်ပြီး မစ္ဆရိယ ကတော့ ကိုယ်ကြီးပွားသလိုမျိုး သူတစ်ပါး မကြီးပွားစေချင်၊ ကိုယ်အောင်မြင်သလို သူတစ်ပါး မအောင်မြင်စေချင်၊ မျှဝေမပေး ချင်တဲ့ ဝန်တိုစိတ်ဖြစ်ပါတယ်။ စိတ်ကို မကောင်းအောင် ခြယ်လှယ်တဲ့ အကုသိုလ် စေတသိက် ၁၄ ပါးထဲမှာ ဣဿာနဲ့ မစ္ဆရိယ(မနာလိုမှုနဲ့ ဝန်တိုမှု)ကို တစ်ပါးစီ ခွဲပြထားပေမယ့် များသောအားဖြင့် ‘ဒီလူဟာ မနာလို၊ ဝန်တိုစိတ် အားကြီးတယ်’၊ ‘မင်းမလည်း ဣဿာ၊ မစ္ဆရိယစိတ်တွေ များလိုက် တာကွယ်’ဆိုပြီး တွဲသုံးလေ့ရှိတတ်ပါတယ်။ ဒီအကုသိုလ် စေတသိက်နှစ်ပါး ကျွန်တော်တို့ လူ့ဝန်းကျင်မှာ ထွန်းကားနေရခြင်းရဲ့အကြောင်းရင်းဟာ မုဒိတာမပွားနိုင်တဲ့ကိစ္စ ကြောင့်လို့လည်း ဆိုနိုင်မယ်ထင်ပါတယ်။
မိမိထက် သာလွန်သူတွေကို တွေ့တဲ့အခါ ဝမ်းသာခြင်း၊ ဝမ်းမြောက်ခြင်းသဘောဟာ မုဒိတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ သားအများစုဟာ ကိုယ့်ထက်နွမ်းပါး နိမ့်ကျသူတွေတွေ့ရင် သနား ကရုဏာစိတ် ထားနိုင်ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ထက် သာလွန်သူ အပေါ်မှာတော့ ဝမ်းမြောက်ဝမ်းသာ မုဒိတာစိတ်ပွားဖို့ ခက်ခဲလွန်း တာကြောင့် အလိုလိုနေရင်း မနာလို၊ ဝန်တိုစိတ်တွေ ဖြစ်ပေါ်လာ တတ်တာပါ။ လူ့ဝန်းကျင်မှာ မနာလို၊ ဝန်တိုစိတ်ထားနဲ့ မစားရ မသောက်ရ အကုသိုလ်ပွားတတ်သူတွေရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ နိုင်ငံကျော် ဓမ္မကထိက ဓမ္မဒူတ ဆရာတော်အရှင်ပညာဝရ ဟောကြားထားတဲ့ တရားတော်တစ်ပုဒ်ထဲကနေ ထုတ်နုတ်တင်ပြပေးပါရစေ။
(၃)
ဆိုကြပါစို့။ ပန်းချီကားလေး တစ်ချပ်။ နံရံတစ်ခုမှာ လှေကားနှစ်စင်း ဘယ်ညာ ကပ်လျက် ထောင် ထားတယ်။ လှေကားတစ်စင်းစီမှာ လူတစ်ယောက်စီ အပေါ်ကို တက်နေကြတယ်။ ညာဘက်က လူက လှေကားရဲ့အပေါ်ထိပ်ပိုင်းကို အတော်လေးရောက်နေပြီဖြစ်ပေမယ့် ဘက်ဘက်လှေကားပေါ် တက်နေသူကတော့ အောက်ခြေသာသာမှာပဲ ရှိနေသေးတယ်။ ဒီလူ နှစ်ယောက်စလုံးရဲ့ လက်ထဲမှာလည်း လွှတစ်ခုစီ ကိုင် ထားတယ်။ အောက်ကလူက တစ်ဘက်မှာ အပေါ်ကို ရောက်နေ ပြီဖြစ်တဲ့ သူ့ပြိုင်ဘက်ကို မော့ကြည့်ပြီး ပြုတ်ကျအောင်ဆိုတဲ့ စိတ်ထားနဲ့ တစ်ဘက်လှေကားကို အောက်ခြေကနေ လွှနဲ့တိုက် ဖြတ်နေတယ်။ အပေါ်ကလူကလည်း ဒီကောင် တက်လာရင် ငါ့ကိုမီတော့မယ်၊ တက်မရအောင်ဆိုပြီး တစ်ဘက်လှေကားထစ်ကို အပေါ်ပိုင်းကနေ လွှနဲ့တိုက်ဖြတ်နေတယ်။
ဒီရုပ်ပုံပန်းချီကားလေးရဲ့ နာမည်က ‘မြန်မာ့စိတ်ရင်း မြန်မာ့ ရှုခင်း’ပါတဲ့။ ‘မြန်မာတွေက တစ်ယောက်တိုးတက်သွားလို့ရှိရင် အလကား ဘာလုပ်လို့ပါကွာဆိုတာ အဲဒါ မနာလိုတဲ့လေသံ။ ကြည့်နေ အဲ ကောင် ငါတုပ်ချပြမယ်တဲ့။ ဟော၊ အပေါ်ရောက်တဲ့လူကို အောက် ကကောင်က ဆွဲချတာ။ အဲတော့ အပေါ်ကလူကလည်း အောက် ကလူကို လှမ်းကြည့်။ အင်း ဒီကောင် ကြာရင် ငါ့ကို ခွာရာတိုင်း လိမ့်မယ်၊ ပခုံးချင်း ယှဉ်လိမ့်မယ်။ အခုကတည်းက နင်းထားမှဆိုပြီး ထမရအောင် လည်ပင်းချည်း တက်နင်းတာ’လို့ ဆရာတော် အရှင်ပညာဝရက မိန့်ပါတယ်။ ဒီလိုနဲ့ အပေါ်က လူက အောက်ကို တက်နင်း၊ အောက်က လူက အပေါ်က လူကို ဆွဲချရင်းနဲ့ပဲ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ အပေါ်ကို မရောက်၊ ရှေ့ကို ဆက်မတက်နိုင်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆင်းရဲနေရခြင်းဖြစ်ကြောင်း ပြောလိုရင်းပါ။ တစ်နည်းအားဖြင့်တော့ ဒါဟာ ကိုယ့်အချင်းချင်း၊ ကိုယ့်တိုင်းသူ ပြည်သားအချင်း တစ်ယောက်ရဲ့ အောင်မြင်မှုကို တစ်ယောက်က ဝမ်းမမြောက်နိုင်ဘဲ မနာလို၊ ဝန်တိုစိတ်တွေ ပွားနေတာကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘဲ ဖြစ်နေကြရတာပါပဲ။ ဒါကြောင့်လည်း ဣဿာ၊ မစ္ဆရိယ ဒီအကုသိုလ်စေတသိက် နှစ်ပါးကို ညီညွတ်ရေးပျက်ပြားစေခြင်း၊ ငြိမ်းချမ်းရေးပျက်ပြား စေခြင်းအကြောင်းတရား နှစ်ပါးရယ်လို့ တရားဒေသနာတွေမှာ ဟောကြားထားတာဖြစ်ပါတယ်။
(၄)
ဗုဒ္ဓဒေသနာလာ သက္ကပဥှသုတ္တန်ဆိုတာ ရှိပါတယ်။ ရာဇဂြိုဟ်ပြည် အရှေ့ဘက်၊ ဝေဒီယတောင်၊ ဣန္ဒသာလလိုဏ်ဂူမှာ ဘုရားရှင်သီတင်းသုံးနေတော်မူစဉ် သိကြားမင်းရောက်လာပြီး ဘုရားရှင်ကို မေးခွန်းတွေ မေးလျှောက်ပါတယ်။ ဟောဒီလောကမှာ ရှိတဲ့ လူသားတွေ၊ သတ္တဝါတွေဟာ များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ညီညီညွတ်ညွတ်၊ ချစ် ချစ်ခင်ခင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရန်တွေမဖြစ်ဘဲ သင့်သင့်မြတ် မြတ်သာ နေချင်ကြပါတယ်။ အဲဒီလို ရန်တွေ၊ ပဋိပက္ခတွေမဖြစ်ဘဲ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ပေမယ့် နေလို့မရဘဲ ဖြစ်နေပါတယ်။ အဲဒီလို လောကလူသားတွေ ငြိမ်းချမ်းစွာ နေထိုင်လို့မရဘဲ ဖြစ်နေတာဟာ ဘာကြောင့်လဲသိချင်ပါတယ်ဆိုပြီး သိကြားမင်းက မြတ်စွာဘုရားကို မေးလျှောက်တာပါ။
သိကြားမင်းရဲ့ ပထမဆုံးမေးခွန်းကို မြတ်စွာဘုရား ဖြေကြား တော်မူတာကတော့ လောကလူသားတွေ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့ နဲ့တစ်ဖွဲ့ ချစ်ချစ်ခင်ခင်၊ ငြိမ်းငြိမ်းချမ်းချမ်း မနေထိုင်နိုင်ဘဲ ရန်တွေဖြစ်နေကြတာဟာ တခြားကြောင့် မဟုတ်ပါဘူး။ အဲဒီ သတ္တဝါအသီးသီးရဲ့ ရင်ထဲမှာ ရှိနေတဲ့ အတွင်းရန်နှစ်ပါးကြောင့်ပါ။ အတွင်းရန်နှစ်ပါးဆိုတာ မနာလိုခြင်း-ဣဿာနဲ့ ဝန် တိုခြင်း-မစ္ဆရိယတို့ဖြစ်တယ်ဆိုတဲ့ အဖြေပါပဲ။ မနာလို၊ ဝန်တိုမှုတွေ အားကြီးနေတာကြောင့် အချင်းချင်း အခင်မင်ပျက်၊ မေတ္တာတွေပျက်ပြီး ညီညွတ်ရေး၊ ငြိမ်းချမ်းရေးတွေပါ ပျက်ပြားနေကြရတာပဲ ဖြစ်ပါတယ်။
ဆရာတော် အရှင်ပညာဝရကတော့ လောကမှာ လူတွေ၊ နတ်တွေ ချမ်းသာချင်ပါလျက်နဲ့ ဆင်းရဲနေရတဲ့အကြောင်းကို-
‘ကာမဘုံသား၊ နတ်လူများတို့
ကောင်းစားပြည့်ဝ၊ ဘေးရန်ပလျက်
အေးမြချမ်းသာ၊ နေလိုပါလည်း
ဣဿာ မစ္ဆေ၊ သူရှုပ်ပွေ၍
ထင်ခြေမကျ၊ ဆင်းရဲရ၏’ဆိုတဲ့ ဆောင်ပုဒ်လင်္ကာလေးနဲ့ မိန့်ကြားပါတယ်။
အထက်မှာတင်ပြခဲ့တဲ့ ပန်းချီကားလေးထဲက လူနှစ်ယောက်လို တစ်ယောက်နဲ့တစ်ယောက် တက်နင်း၊ ဆွဲချတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဘဲ၊ မနာလို၊ ဝန်တိုခြင်းကင်းစွာ အပြန်အလှန် မုဒိတာပွားနိုင်မယ်ဆိုရင် တစ်ဦးတစ်ယောက်ချင်း၊ မိသားစုတစ်ခုချင်းစီကနေ နိုင်ငံတော်အဆင့်ထိ ကြီးပွားတိုးတက်မှုတွေ ဖြစ်လာမယ်လို့ ဆရာတော်က တိုက်တွန်းထားခြင်းပါ။ ‘အကယ်၍သာ သူအောင်မြင်တယ်။ ကိုယ်က ဝမ်းသာတယ်။ သူ့ကို အားကျအတုယူပြီး ကိုယ်ကြိုးစားတယ်။ ဟိုဘက်ကလည်းပဲ ဒီဘက်လူကို ကြည့်လိုက်တယ်။ အော် . . .သူတို့မှာ ကုသိုလ်ကံ အားနည်းလို့ ချို့တဲ့ရှာတာ။ တတ်နိုင်သမျှ အမြင့်ရောက်အောင် ငါဆွဲတင်မယ်၊ ကူညီမယ်။ အဲလိုစိတ်သာမွေး။ ဟိုဘက်လူအောင် မြင်တာကိုလည်း ဒီဘက်က မနာလိုစိတ်မဖြစ်ဘူး။ သူ့ကို ဝမ်းသာ အားရ အတုယူပြီးတော့ ကြိုးစားတယ်။ ဒီဘက်ကိုလည်း အပေါ် ကလူက ဆွဲတင်ပေးတယ်ဆို ဟိုဘက်လည်း တက်၊ ဒီဘက်လည်း တက်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ချမ်းသာဖို့ဆိုရင် အဲဒီ တရား မွေးမှ။ ဘာတရားလဲ။ မုဒိတာတရား။ ဟုတ်တယ်နော်။ မနာလိုစိတ် တွေ ဖျောက်မှနော်’။
(၅)
ရုပ်ရည်အဆင်း၊ စီးပွားဥစ္စာ၊ ဉာဏ်ပညာ . . .စသဖြင့် ကိုယ့်ထက် သာလွန်သူတွေအပေါ်မှာ မနာလို၊ ဝန်တိုတတ်သူတွေ ဆင်ခြင်နိုင်ဖို့အကြောင်းတစ်ခု ရှိပါတယ်။ အဲဒါက မနာလိုစိတ်ထားခြင်းဟာ ကိုယ့်အတွက် ဘာမှအကျိုးမရှိဘဲ အကုသိုလ်ပွားနေတဲ့ အကျိုးမဲ့လုပ်ရပ်တစ်ခုဖြစ် တယ်ဆိုတာပါ။ ဒါနဲ့ပတ်သက်ပြီး ဆရာတော်အရှင်ပညာဝရ မိန့်ကြားတဲ့ ဆုံးမစကားလေးကလည်း မှတ်သားစရာပါ။ ‘ကြက်မွေးချင်ရင် မွေး၊ မနာလိုစိတ်တော့ မမွေးပါနဲ့’တဲ့။
‘ငယ်ငယ်တုန်းက ဆရာတော်ကြီးတစ်ပါး သြဝါဒပေးတာ။ ဒီနေ့အထိ မှတ်မိတယ်။ တကယ်လည်းကောင်းတဲ့ သြဝါဒ။ ဦးဇင်းတို့ ကိုရင်တို့၊ မင်းတို့ သူများအပေါ် မနာလိုစိတ်မမွေးနဲ့နော်။ မင်းတို့ မွေးချင်ရင် ကြက်မွေးတဲ့။ ဟုတ်တယ်လေကွာ။ မင်းတို့ ကြက်မွေးတာက အကုသိုလ်ဖြစ် ပေမယ့် ဥစားရတယ်နော်။ မနာလိုစိတ်မွေးတာ အကုသိုလ်ဖြစ် တယ်။ ဘယ်စားရလို့တုန်းတဲ့။ ကြက်မွေးသလောက်တောင် အကျိုး မရှိဘူးလို့ပြောတာ’လို့ မိန့်ကြားသွားတာဖြစ်ပါတယ်။
ဒါ့အပြင် ကိုယ့်အတွက် အကျိုးမရှိတဲ့ ဣဿာ၊ မစ္ဆရိယတွေ မထားဘဲ မုဒိတာပွားနိုင်ဖို့အရေး လိုအပ်တဲ့အတွေး တစ်ခုကိုလည်း ဆရာတော်က ညွှန်ပြပါသေးတယ်။’ကိုယ့်ထက်သာ မနာလို’မဖြစ်ဘဲ ‘ကိုယ့်ထက်သာ ဝမ်းသာ’ ဖြစ်လာဖို့ လိုအပ်တာဟာ ‘ကုသိုလ်သာလို့ သာတာ’ဆိုတဲ့ အတွေး လေးတစ်ခုပါပဲ။ ‘သာတယ်၊ သာတယ်ဆိုတာ အလကား သာတာလား။ ကုသိုလ်သာလို့သာတာလား။ ကုသိုလ်သာလို့ သာတာ။
လူနှစ်ယောက်ဟာ ဉာဏ်ရော၊ လုံ့လရော တူတယ်။ ဟိုတစ် ယောက်က စီးပွားဖြစ်သွားတယ်။ ဘာဖြစ်လို့လဲ။ သူ့မှာ စပွန်ဆာ ပေးမယ့် ကုသိုလ်ရှိတယ်။ အတိတ်ကပါတဲ့ ဒါနကံက စပွန်ဆာပေး ထားတယ်။ သူလိုတာ ထောက်ပံ့ပေးနေတယ်။ဟိုတစ်ယောက်ကျတော့ စပွန်ဆာပေးမယ့် ကုသိုလ်မရှိဘူး။ ဒါန မပါတော့ ကြိုးစားလုပ်တဲ့အတွက် ဝီရိယအကျိုးတော့ ခံစားရတယ်။ လူတန်းစေ့နေရတယ်။ အောက်မကျဘူး။ သို့သော် ဟိုလူ ဖြစ်သလိုတော့ မဖြစ်တော့ဘူး။
အဲတော့ ဘာ သာသွားတာ။ ကုသိုလ်။ ဟုတ်တယ်နော်။ ကုသိုလ်သာလို့ သာတာ၊ မနာလိုစရာ မလိုဘူးနော်’။ ဆရာတော်ရဲ့ မိန့်ကြားချက်တွေဟာ တကယ့်ကို သတိထား ဆင်ခြင်ဖွယ်ရာပါ။
‘သူ့ကိုချီးမြှောက်၊ ကိုယ့်ဂုဏ်မြောက်၏
ယွင်းဖောက်အလို၊ ဝန်မတိုနှင့်
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ့်ဂုဏ်နိမ့်၏
စည်းစိမ်အရာ၊ သူ့ချမ်းသာ၌
ဣဿာမပြု၊ ဝမ်းမြောက်ရှုလော့
သူ့ကိုစောင့်မှ၊ သူက ကိုယ့်ကို
ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏’ဆိုတဲ့ မဃဒေဝလင်္ကာလာ ဆုံးမစကားအတိုင်း ကြက်မွေးသလောက်တောင် အကျိုးမရှိတဲ့ မနာလို၊ ဝန်တိုစိတ်တွေကို ကျောခိုင်း၊ စွန့် ပစ်နိုင်ကြပါစေ . . .လို့သာ။
MoeAungLinnNaing (ရိုးရာလေး)